စစ်ရပ်စဲစေချင်ရင် ယူကရိန်းဟာ ပိုင်နက်နယ်မြေ အများအပြားကို ရုရှားဆီ လွှဲပြောင်းပေးရမယ်ဆိုတဲ့ တောင်း ဆိုမှုကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ထပ်လောင်း အတည်ပြုခဲ့ပါတယ်။

တကယ်လို့ ယူကရိန်းကသာ လက်ရှိ ရုရှား သိမ်းပိုက်ထားရာ ယူကရိန်း ပြည်နယ်တွေထဲက တပ်တွေကို ရုပ်သိမ်း မပေးရင် ဘယ်လို ငြိမ်းချမ်းရေး သဘောတူညီမှုမှာ ထွက်ပေါ်လာနိုင်စရာ မရှိဘူးလို့ ပူတင်က ပြောကြား လိုက်တာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။လောလောဆယ်မှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရုရှား နဲ့ ယူကရိန်း တို့ကြားမှာ စစ်ရပ်စဲရေး သဘော တူညီမှုတစ်ခု ပေါ်ထွက်လာစေဖို့ ကြားဝင်စေ့စပ်ညှိနှိုင်းပေးနေပါတယ်။

ပူတင်က တောင်းဆိုထားတဲ့ ယူကရိန်း နယ်မြေတွေထဲမှာတော့ ၂၀၂၂ ခုနှစ် စစ်ပွဲ စတင်ပြီးမှ သိမ်းယူခဲ့တဲ့ ဒေသ တွေအပြင် ၂၀၁၄ ခုနှစ်ကတည်းက ရုရှားတပ်တွေ တရားမဝင် ကျူးကျော်ပြီး ထိန်းချုပ်ထားခဲ့တဲ့ ခရိုင်းမီးယား ကျွန်းဆွယ်လည်း ပါဝင်နေပါတယ်။ပူတင်ဟာ ခရိုင်းမီးယားကို ရုရှားရဲ့ တရားဝင် ပိုင်နက်အဖြစ် သွတ်သွင်းဖို့ လိုလားနေပေမယ့်လည်း နိုင်ငံ တကာကတော့ အသိအမှတ် မပြုပါဘူး။ ပူတင် အလိုရှိနေတဲ့ထဲမှာ ယူကရိန်း အရှေ့ပိုင်းက ဒွန်းညက်စ်ခ် ဒေသလည်း ပါဝင်ပါတယ်။ ဒွန်းညက်စ်ခ်ရဲ့ အစိတ် အပိုင်း အတော်များများကို ရုရှားက ထိန်းချုပ်ထားပေမယ့် ယူကရိန်း တပ်တွေလည်း ရှိနေကြဆဲ ဖြစ်ပါတယ်။



