ချဲလ်ဆီးအသင်းရဲ့ အင်္ဂလန်ကွင်းလယ်လူ ကိုးပယ်လ်မာဟာ ခြေဖဝါးအရိုးကျိုး ဒဏ်ရာကနေ ပြန်လည်သက်သာ လာပြီးနောက် တနင်္ဂနွေည ကစားမယ့် အာဆင်နယ်အသင်းနဲ့ပွဲကို ပါဝင်ကစားနိုင်မှာ ဖြစ်တယ်လို့ ချဲလ်ဆီးနည်းပြ မာရက်စ်ကာက အတည်ပြု လိုက်ပါတယ်။

ပယ်လ်မာဟာ စက်တင်ဘာမှာ ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ပွဲမှာ နောက်ဆုံးပါဝင်ကစားပေးခဲ့ပြီး ဒဏ်ရာကြောင့် အနားယူနေခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က ဒဏ်ရာက ပြန်လည်သက်သာလာပြီးနောက် အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်း နိုင်ခဲ့ ပေမယ့် နေအိမ်မှာ တံခါးနဲ့ ထိခိုက်မိပြီး ခြေဖဝါး အရိုးကျိုးသွားလို့ ဘန်လေ၊ ဘာစီလိုနာ အသင်းတွေနဲ့ ပွဲကို လွဲချော် ခဲ့ရပါတယ်။ ပယ်လ်မာ မပါဝင်နိုင်တဲ့ ပြိုင်ပွဲစုံ ၁၃ ပွဲမှာ ချဲလ်ဆီးအသင်း ၁၀ ပွဲအထိ အနိုင်ရခဲ့ပြီး ၂ ပွဲသာ ရှုံးနိမ့် ထားတာ ဖြစ်ပါတယ်။

အသင်းရဲ့ အရေးပါတဲ့ ကစားသမား ပယ်လ်မာ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်သလို ကြံ့ခိုင်မှု အပြည့်နဲ့ ပွဲကစား နိုင်တော့မှာ ဖြစ်လို့ အသင်းဖော်တွေ အားလုံးပျော်ရွှင်နေကြသလို ယုံကြည်မှုလည်း မြင့်တက် နေကြပါတယ်လို့ ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ပြောသွားခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာမှာ မန်စီးတီးအသင်းကနေ ပေါင်သန်း ၄၀ နဲ့ရောက်လာ ခဲ့တဲ့ ပယ်လ်မာဟာ ချဲလ်ဆီး အသင်းရဲ့ ပြီးခဲ့တဲ့ ၂ ရာသီဆက် ပရီးမီးယားလိဂ် သွင်းဂိုးအများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းနဲ့ ပထမရာသီမှာ ပယ်လ်မာက ပရီးမီးယားလိဂ် ၂၂ ဂိုးသွင်းခဲ့သလို ဒုတိယရာသီ ဖြစ်တဲ့ ပြီးခဲ့တဲ့ ရာသီမှာလည်း ပရီးမီးယားလိဂ်သွင်းဂိုး ၁၅ ဂိုး သွင်းယူပေးထားပါတယ်။




