နေပြည်တော်မှာကျင်းပမဲ့ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ ဈေးရောင်းပွဲတော်မှာ MSME လုပ်ငန်းရှင် တွေအတွက် နိုင်ငံတကာဝယ်လက်တွေနဲ့ ချိတ်ဆက်ပေးမဲ့အစီအစဉ်လည်း ပါဝင်တယ်လို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။

ဒီပြပွဲမှာ ပြည်တွင်းဈေးကွက်ချိတ်ဆက်မှု၊ ပြည်ပဈေးကွက်ချိတ်ဆက်မှု၊ ရင်းနှီးမတည်ငွေချိတ်ဆက်မှုတွေအပြင် သက်ဆိုင်ရာအစိုးရဌာနတွေက သတင်းအချက်အလက် မျှဝေပေးမဲ့အစီအစဉ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် MSME လုပ်ငန်းရှင်တွေ ပြည်ပဈေးကွက်ဝင်ရောက်နိုင်ရေးအတွက် လိုအပ်တဲ့ Certificate ရရှိရေးနဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်တွေ၊ နိုင်ငံတကာကုန်စည်ပြပွဲတွေမှာ MSME ထုတ်ကုန်တွေ ပါဝင်ပြသနိုင်ရေးတို့ အတွက်လည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ ဈေးရောင်းပွဲတော်ကို နေပြည်တော်ရင်ပြင်မှာ ဖေဖော်ဝါရီ ၈ ရက်ကနေ ၁၃ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ပြခန်းပေါင်း ၁၂၀ ကျော်နဲ့ ပြင်ပကုမ္ပဏီ၂၉ ခုတို့က ပါဝင်ပြသရောင်းချသွားမှာ ဖြစ်ပါတယ်။ဒါ့အပြင် ပြပွဲကိုလာရောက်သူတွေအတွက် ဖေဖော်ဝါရီ ၈ ရက်ကနေ ၁၁ ရက်အထိ နိုင်ငံကျော်အဆိုတော်တွေ၊ တိုင်းရင်းသားရိုးရာအကအဖွဲ့တွေက ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပြီး ပျော်ပွဲရွှင်ပွဲတွေလည်း ထည့်သွင်းကျင်းပ မှာ ဖြစ်တယ်လို့ သိရပါတယ်။




