ဧရာဝတီတိုင်းဒေသကြီးမှာ ဓာတ်မြေဩဇာခွဲတမ်း ခွဲဝေချထားမှုကို လွှတ်တော်က ထိန်းညှိဖို့လိုနေပြီဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် စွမ်းအင်၊ စက်မှုလက်မှု၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးကြည်ကိုကိုက ပြောပါတယ်။ဧရာဝတီ တိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ် ၅ ဓာတ်မြေသြဇာစက်ရုံကို ဇွန်လ ၆ ရက်က ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးဆောင်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ လေ့လာရေးခရီး သွားရောက်ခဲ့စဉ်မှာ ဦးကြည်ကိုကိုက အခုလိုပြောကြားလိုက်တာပါ။

အဲဒီစက်ရုံကထွက်တဲ့ ဓာတ်မြေဩဇာခွဲတမ်း တောင်သူတွေလက်ဝယ်ရောက်ရှိဖို့ လွှတ်တော်ကနေ သေချာကြီးကြပ်ထိန်းညှိဖို့လိုနေပြီဖြစ်တယ်လို့ ဦးကြည်ကိုကိုက ပြောပါတယ်။စက်ရုံအနေနဲ့ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်မှာ လျာထားချက်ထက်ကျော်လွန်အောင် ထုတ်လုပ်ထားခဲ့ပြီး ခွဲတမ်းအရ ရောင်းချပေးရာမှာလည်း သတ်မှတ်စျေးနှုန်းအတိုင်း ယူရီးယားဓာတ်မြေသြဇာတစ်အိတ်ကို ကျပ် ၃၀၀၀၀ နှုန်းနဲ့သာ ရောင်းချပေးနေတယ်လို့ စက်ရုံမှူး ဦးသက်မင်းထွန်းက ပြောပါတယ်။အခုနှစ်ဘဏ္ဍာနှစ်မှာလည်း သတ်မှတ်လျာထားချက်ဖြစ်တဲ့ တန်ချိန် ၃၇၀၀၀ ကို ပြည့်မီအောင်ထုတ်လုပ်သွားမှာဖြစ်ပြီး မိမိတို့ စက်ရုံမှထွက်ရှိသော ဓာတ်မြေသြဇာမှာ တစ်နိင်ငံလုံးလိုအပ်ချက်ရဲ့ ၃ရာခိုင်နှုန်းကိုသာဖြည့်ဆည်းပေးတယ်လို့ ပြောပါတယ်။

စက်ရုံအနေနဲ့ လက်ရှိတရားဝင်ရောင်းချခွင့်ရှိတဲ့ ၂၈၀၁ တန်အနက် ဧရာဝတီတိုင်းဒေသကြီးအတွက် ခွဲတမ်းရရှိတဲ့ ၉၂၃ တန်ကို စိုက်ပျိုးရေးဦးစီးဌာနက တာဝန်ယူပြီး ထုတ်ယူနေတယ်လို့ ဒုတိယစက်ရုံမှူး ဦးသူရလင်းက ပြောပါတယ်။ဧရာဝတီတိုင်းဒေသကြီးမှာ စိုက်ပျိုးမြေဧက ၃၆သိန်းကျော်ရှိတဲ့အတွက် အထွက်နှုန်းမလျော့စေရေးနဲ့ တောင်သူတွေ လိုအပ်တဲ့ သွင်းအားစုတွေ လက်ဝယ်အမြန်ရောက်ရှိစေရေး လွှတ်တော်နဲ့ အစိုးရ အပြန်အလှန်ထိန်းညှိဖို့ လိုအပ်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။




