ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအောင်နိုင်သူ ဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဗီယက်နမ် ဆိုရှယ် လစ်သမ္မတနိုင်ငံ၊ ဟနွိုင်းမြို့မှာ အာဆီယံဒေသတွင်း မြို့ပြစီမံခန့်ခွဲမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အခြေအနေ တွေကို ဆွေးနွေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သိရပါတယ်။

ဆွေးနွေးမှုတွေပြုလုပ်ဖို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်၊ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးခင်မောင်အေးနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကော်မတီရုံးဌာန မှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်လင်းစိုးတို့ဟာ ဇွန်v(၇)ရက် ညနေပိုင်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ လေကြောင်းခရီးစဉ်နဲ့ ဗီယက်နမ်နိုင်ငံကို ထွက်ခွာသွားကြတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ ဟနွိုင်းမြို့မှာ ၂၀၂၆ ခုနှစ်၊ ဇွန်လ(၇)ရက်ကနေ (၁၀)ရက်အထိ ကျင်းပမဲ့ “၂၀၂၆ ခုနှစ် အာဆီယံအနာဂတ်ဖိုရမ်” နဲ့ “ အာဆီယံမြို့တော်ခေါင်းဆောင်များကွန်ဖရင့်” ကို တက်ရောက်မှာ ဖြစ်ပါတယ်။ခရီးစဉ်အတွင်း အာဆီယံဒေသတွင်း မြို့တော်ကြီးတွေအကြား ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့ပြစီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနဲ့အနာဂတ်စီးပွားရေး အခွင့်အလမ်းတွေ မြှင့်တင်နိုင်ရေးတို့ အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက မြို့တော်ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေနဲ့အတူ ဆွေးနွေးပွဲတွေကို တက်ရောက်ကာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍစုံကို ကဏ္ဍအလိုက် ဆွေးနွေးဖလှယ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။




