ယူကရိန်းအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ကွင်းအတွင်းထပ်မံလဲကျခဲ့တဲ့ ကွင်းလယ်လူ အဲရစ်ဆင်ရဲ့ အခြေအနေ ကောင်းမွန်တယ်လို့ ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ ဒိန်းမတ်နိုင်ငံ အိုဒန်စီမြို့မှာ တနင်္ဂနွေညက ကစားခဲ့တဲ့ပွဲမှာ အဲရစ်ဆင်က ပွဲချိန် ၆၅ မိနစ်မှာ ကွင်းအတွင်းလဲကျခဲ့တာဖြစ်ပြီး အရေးပေါ် ကုသမှုတွေ ပြလုပ်ခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီနောက် အသက် ၃၄ နှစ်အရွယ် အဲရစ်ဆင်ဟာ ပြန်လည်သက်သာ လာပြီးနောက် ကွင်းအတွင်းကနေ လမ်းလျှောက်ပြီး ထွက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲကိုတော့ ဆက်မကစားဘဲ ရပ်နားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒိန်းမတ်အသင်းက ၂ ဂိုး-၁ ဂိုးဆိုတဲ့ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။ မန်ယူ ကွင်းလယ်လူဟောင်း အဲရစ်ဆင်ဟာ ၂၀၂၁ ခုနှစ်မှာကစားခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်တစ်ခုဖြစ်တဲ့ ဖင်လန်အသင်းနဲ့ပွဲမှာ ကွင်းအတွင်း လဲကျခဲ့ဖူးပြီး နှလုံးရပ်သွားတဲ့အတွက် နှလုံးခုန်နှုန်းထိန်းစက်ကို ထည့်သွင်း အသုံးပြုနေရတာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာ ဘောလုံးပြန်ကစားနိုင်ခဲ့တဲ့ အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ဝုဖ်ဘတ်အသင်းအတွက် ပွဲပေါင်း ၃၄ ပွဲပါဝင်ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အဲရစ်ဆင်ရဲ့ အခြေအနေကောင်းမွန် သလို ကွင်းအတွင်းလဲကျရတဲ့အခြေအနေကို သိရဖို့အတွက် ဆေးရုံမှာ စစ်ဆေးမှုတွေဆက်လက်ခံယူနေပါတယ် လို့ ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ် ထုတ်ပြန်ချက်မှာရေးထားပါတယ်။




