တနင်္ဂနွေညက ယှဉ်ပြိုင်ခဲ့တဲ့ ပြင်သစ်အိုးပင်းတင်းနစ် အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲမှာ အနိုင်ရခဲ့ပြီးနောက် ဂျာမနီတင်းနစ်သမား ဗီရက်ဗ်ဟာ ကစားသမားဘဝ ပထမဆုံး ဂရင်းစလမ်ချန်ပီယံဆုကို ရယူသွားနိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲစဉ်မှာ ဗီရက်ဗ်ဟာ အခုနှစ်ပြိုင်ပွဲမှာ လက်စွမ်းပြပြီး ဗိုလ်လုပွဲအထိ တက်လာနိုင်ခဲ့တဲ့ အီတလီနိုင်ငံသား ကိုဘိုလီနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။

ပွဲကစားချိန် ၄ နာရီနဲ့ ၁၆ မိနစ်ကြာခဲ့ပြီးနောက် ဗီရက်ဗ်က (၆း၁၊၄း၆၊၆း၄၊၆း၇၊၆း၁)ဆိုတဲ့ရလဒ်နဲ့ ကိုဘိုလီကို အနိုင်ယူပြီး ပြင်သစ်အိုးပင်းချန်ပီယံဆုကြီးကို ရရှိသွားတာ ဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ဗီရက်ဗ်ဟာ ၂၀၂၄ ပြင်သစ်အိုးပင်း ဗိုလ်လုပွဲ ရှုံးနိမ့်မှု အပါအဝင် ဂရင်းစလမ် ပြိုင်ပွဲ ဗိုလ်လုပွဲတွေမှာ ၃ ကြိမ်ရှုံးနိမ့်ထားခဲ့ဖူးပေမယ့် အခုနှစ်မှာတော့ ဒီရလဒ်ဆိုးကို ချိုးဖျက်ကာ ကစားသမား ဘဝ ပထမဆုံး ဂရင်းစလမ်ချန်ပီယံဆုကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီဆုဖလားက ယုံကြည်မှုကို အများကြီး တိုးတက်စေသလို ၂၀၂၆ ခုနှစ်က သူ့ရဲ့ကစားသမားဘဝ အပျော်ရွှင်ရဆုံး နှစ်တစ်နှစ် ပါပဲလို့ ဗီရက်ဗ်က ဆုလက်ခံ ရယူအပြီးမှာ ပြောသွားပါတယ်။ အခုနှစ်ပြင်သစ်အိုးပင်းပြိုင်ပွဲမှာ လက်ရှိချန်ပီယံ အယ်ကာရက်ဇ် ပါဝင်ယှဉ်ပြိုင် နိုင်ခြင်းမရှိသလို ချန်ပီယံဖြစ်ဖို့ ရေပန်းစားခဲ့တဲ့ ဆင်နာနဲ့ ဂျိုကိုဗစ်တို့ကလည်း ပြိုင်ပွဲအစောပိုင်းမှာပဲ ထွက်သွား ခဲ့ရလို့ ချန်ပီယံဆုကို လွယ်လွယ်ကူကူရခဲ့တယ်ဆိုတဲ့ သုံးသပ်မှုတွေကိုလည်း ဂရုစိုက်နေမှာ မဟုတ်ဘူးလို့ ဗီရက်ဗ်က ပြောသွားပါတယ်။




