ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းတစ်လျှောက် ရှုပ်ထွေးနေတဲ့ ဖိုင်ဘာကြိုးတွေကို ဇွန်လကုန် အပြီးဆောင်ရွက် နိုင်ဖို့အတွက် အဖွဲ့(၂) ဖွဲ့ခွဲကာ အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားဖို့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော် ပြောကြားခဲ့ပါတယ်။

ဇွန်လ(၈)ရက် နေ့လယ် ၁ နာရီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)မှာ ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးအခြေခံအဆောက်အဦတွေ စနစ်တကျရှိစေရေးနဲ့ အမြင်မတင့် တယ်တဲ့ ကမ္ဘာအေးဘုရားလမ်းတစ်လျှောက် ဆက်သွယ်ရေးဖိုင်ဘာကြိုးတွေ ရှင်းလင်းတာ၊ မြေအောက်ကို ချခင်းခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။အစည်းအဝေးမှာ ကမ္ဘာအေးဘုရားလမ်းတစ်လျှောက် ဆက်သွယ်ရေးဖိုင်ဘာကြိုးတွေ ရှင်းလင်းတဲ့လုပ်ငန်းကို အမြန်ဆုံးနဲ့ အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့အတွက် ကဏ္ဍအလိုက် အသေးစိတ် ဆွေးနွေးတင်ပြကြပြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က လိုအပ်တာတွေကို ပေါင်းစပ်ညှိနှိုင်း ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီအစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ မျိုးသော်၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရေးမှူး ဦးနေဝင်းအောင်၊ ဆက်သွယ်ရေးကွန်ရက် တိုးချဲ့ တည်ဆောက်ရေး ပေါင်းစပ်ညှိနှိုင်းကော်မတီ ဒုတိယဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး(၁)နဲ့(၂)၊ ကော်မတီအဖွဲ့ဝင်တွေ၊ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း(၁)၊ ဆက်သွယ်ရေးအော်ပရေတာ ကြီး(၄)ခု၊ Eager ကုမ္ပဏီနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေတဲ့ (ISP) ကုမ္ပဏီတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


