မြန်မာ့ရိုးရာ ရုပ်သေးသဘင်လောကမှာ ရိုးရာကြိုးဆွဲရုပ်သေးရုပ် ပြုလုပ်တဲ့ ပညာရှင်တွေ တဖြည်းဖြည်း လျော့ နည်း ပပျောက်လာနေတာကြောင့် ရိုးရာရုပ်သေးပြုလုပ်မဲ့ ပညာရှင်တွေ ပေါ်ပေါ်လာစေရေး ဆောင်ရွက်သွား မယ်လို့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌဒေါ်စန္ဒာခင်က ပြောပါတယ်။ဒီလိုဆောင်ရွက်ရာမှာ ပညာရှင်တွေ ပေါ်ထွက်လာစေဖို့အတွက် ရိုးရာရုပ်သေးပြုလုပ်တဲ့သင်တန်းကို ဇူလိုင်လ အတွင်း သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

မြန်မာ့ရိုးရာ ရုပ်သေးသဘင်လောကမှာ ရိုးရာရုပ်သေးကြိုးဆွဲအနုပညာရှင်တွေက စဉ်ဆက်မပြတ်ပေါ်ထွက် နေပေမဲ့ ရုပ်သေးပြုလုပ်တဲ့ ပညာရှင်နည်းပါးလာပြီး ရိုးရာရုပ်သေးရုပ်တွေ အဆင့်မီမီ ဆက်တိုက်ထွက်ရှိလာဖို့ လိုအပ်နေတာကြောင့် သင်တန်းသားခေါ်ယူရတာဖြစ်တယ်လို့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က ပြောပါတယ်။ သင်တန်းကို မြန်မာယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(MCHT)က ကြီးမှူးပြီး အခမဲ့ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီသင်တန်းဟာ ၁၂ လကြာ သင်တန်းဖြစ်ပြီး ဇူလိုင်လ ၆ ရက်မှစတင်ကာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကမ္ဘာ အေးဘုရားလမ်းရှိ အနုပညာအထက်တန်းကျောင်းမှာ သင်ကြားပို့ချပေးသွား မှာပါ။ သင်တန်းချိန်တွေကတော့ အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရုပ်သေးရုပ်ကို ကျွန်း၊ ကသစ်၊ ယမနေသစ်တွေနဲ့ ထွင်းထုပြုလုပ်ကြပြီး ရုပ်စုံလုပ်မယ်ဆိုရင် တစ်နှစ်ခွဲခန့် ကြာမြင့်နိုင်တယ်လို့ ဒေါ်စန္ဒာခင်က ပြောပါတယ်။သင်တန်းသားအနေနဲ့ ၁၅ ယောက်အထိသာ လက်ခံသင်ကြားပေးမှာဖြစ်ပါတယ်။ အသက် ၁၆ နှစ်ကနေ ၄၅ နှစ် အတွင်း ကျားမ မရွေး ဝါသနာပါပြီး စိတ်အားထက်သန်သူ၊ ကျန်းမာရေးကောင်းမွန်ပြီး လက်နဲ့ မျက်လုံး အသုံးပြု ရာမှာ ကောင်းမွန်သူနဲ့ အကျင့်စာရိတ္တကောင်းမွန်ပြီး သင်တန်းပြီးဆုံးသည်အထိ တက်ရောက်နိုင်သူတွေ လာရောက်သင်ကြားနိုင်တယ်လို့ ဆိုပါတယ်။သင်တန်းတက်ရောက်လိုသူတွေအနေနဲ့ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူ၊ ရဲစခန်းပြစ်မှုကင်းရှင်း ကြောင်း ထောက်ခံစာတို့ကို ယူဆောင်လာရမှာဖြစ်ပြီး လျှောက်လွှာတွေကိုတော့ ဇွန်လ ၈ ရက်မှစတင်ကာ အင်းလျားလမ်းရှိ စိမ်းလန်းစိုပြည်ပန်းခြံ၊ မြန်မာယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရုံးမှာ စတင်ထုတ်ယူနိုင်ပြီး ဇွန်လ ၁၅ ရက်မှာ နောက်ဆုံးထား တင်ပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။



