ဗိုင်းရပ်စ်မျိုးကွဲပေါင်းစုံကို တစ်ချက်တည်းနဲ့ အမြစ်ပြတ်ချေမှုန်းနိုင်ပြီး နောင်ဖြစ်လာမဲ့ ကပ်ရောဂါဆိုးတွေကိုပါ ကြိုတင်ကာကွယ်ပေးနိုင်မဲ့ ကာကွယ်ဆေးအမျိုးအစားသစ်တစ်ခုကို AI နည်းပညာသုံးပြီး သိပ္ပံပညာရှင်တွေက ဖန်တီးလိုက်တယ်လို့ CNBC သတင်းမှာဖော်ပြပါတယ်။

ကိန်းဘရစ်ချ်တက္ကသိုလ်က သုတေသနအဖွဲ့ရဲ့ ပြောကြားချက်အရ ကာကွယ်ဆေးတစ်ခုရဲ့ အသက်သွေးကြောဖြစ်တဲ့ အန်တီဂျင် (Antigen) ကို AI နဲ့ ပုံစံထုတ်ပြီး လူသားတွေနဲ့ ပထမဆုံးအကြိမ် စမ်းသပ်တာ ဖြစ်ပါတယ်။အခု ကာကွယ်ဆေးကို ကိုဗစ်ဗိုင်းရပ်စ်မျိုးကွဲအားလုံးနဲ့ တိရစ္ဆာန်တွေကတစ်ဆင့် ကူးစက်ပြီး ကပ်ရောဂါ ဖြစ်လာနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် မိသားစုဝင် အားလုံးကို ကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ဗိုင်းရပ်စ်တွေက အသွင်ပြောင်းလဲတတ်တာကြောင့် လက်ရှိကာကွယ်ဆေးတွေက အချိန်တိုအတွင်း ခေတ်နောက်ကျသွားပြီး ဗိုင်းရပ်စ်နောက်ကို လိုက်မမီဖြစ်လေ့ရှိပါတယ်။ဒါကိုကျော်လွှားဖို့ သုတေသီတွေက ရှိသမျှကိုရိုနာဗိုင်းရပ်စ်အမျိုးမျိုးရဲ့ မျိုးဗီဇကုဒ်တွေကို AI နဲ့ ခွဲခြမ်းစိတ်ဖြာခိုင်းပြီး ဗိုင်းရပ်စ်တွေ ဘယ်လိုပဲပုံစံပြောင်းသွားပါစေ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က မှတ်မိပြီး တိုက်ခိုက်နိုင်မဲ့ စူပါအန်တီဂျင်(Super-antigen)တစ်ခုကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။



