ဗြိတိန်ဘီလျံနာ ဆာဂျင် ရက်ကလစ်ဖ်ဟာ သူပိုင်ဆိုင်ထားတဲ့ ပြင်သစ်ကလပ်အသင်း နိုက်စ်ကို ရောင်းချဖို့အတွက် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အင်နီယို့စ် တည်ထောင်သူ ရက်ကလစ်ဖ်ဟာ ၂၀၁၉ ခုနှစ်က နိုက်စ်အသင်းကို ဝယ်ယူထားခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာတော့ မန်ယူအသင်းရဲ့ ရှယ်ယာတချို့ကို ထပ်မံဝယ်ယူထားခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းဘက်မှာ ပိုပြီးတော့ အာရုံစိုက်ထားချင်တဲ့အတွက် ရက်ကလစ်ဖ်ဟာ နိုက်စ်အသင်းကို ရောင်းချဖို့စီစဉ်နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။နိုက်စ်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ပြင်သစ်အမှတ်ပေးပြိုင်ပွဲမှာ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်ခဲ့ရတာဖြစ်ပြီး အသင်းပိုင်ရှင် ရက်ကလစ်ဖ်ကိုယ်တိုင်က နိုက်စ်အသင်းပွဲတွေကို ကြည့်ရတာ စိတ်လှုပ်ရှားစရာမကောင်းတော့ဘူးလို့ နောက်ပိုင်းနှစ်တွေမှာ ဖွင့်ဟထားခဲ့တာဖြစ်ပါတယ်။

နိုက်စ်အသင်းကို ဝယ်ယူစဉ်က ယူရို သန်း ၁၀၀ ကုန်ကျခဲ့တဲ့ ရက်ကလစ်ဖ်ဟာ မနှစ်ကအထိ နိုက်စ်အသင်းတန်ကြေးကို ယူရို သန်း ၂၀၀ သတ်မှတ်ထားပေမဲ့ နောက်ဆုံးရရှိတဲ့ သတင်းတွေအရတော့ ရက်ကလစ်ဖ်ဟာ နိုက်စ်အသင်းကို အလျင်အမြန်ရောင်းချလိုတာကြောင့် ယူရို သန်း ၂၀၀ ထက် လျော့နည်းတဲ့ဈေးနဲ့ ရောင်းချဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။




