ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရသူတွေရဲ့ ရုပ်အလောင်းတွေကို သယ်ယူ ရာမှာ မတရားငွေတောင်းခံခြင်းများ လျော့နည်းပပျောက်ရေး ဆောင်ရွက်နေတယ်လို့ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးက ထုတ်ပြန်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရသူတွေရဲ့ ရုပ်အလောင်းတွေကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးက သက်ဆိုင်ရာ သုသာန်၊ ရပ်နီးရပ်ဝေး သို့ သင့်တင့်မျှတသော စရိတ်နဲ့ သယ်ဆောင်နိုင်ရေး၊ စစ်မှန်သော ပရဟိတအဖွဲ့တွေရဲ့ အကူအညီရရှိရေး၊ အကျိုးအမြတ်အတွက် ရည်ရွယ်တဲ့ ပရဟိတ Taxi တွေ၊ ကျင့်ဝတ် မညီတဲ့ လူနာတင်ယာဉ်တွေကို ကြီးကြပ်နိုင်ရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ဇွန် ၁ ရက်ကလည်း သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေ၊ လသာမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ ပရဟိတအ သင်းအဖွဲ့တွေ (၅၅) ဦးခန့်တို့နဲ့ တွေ့ဆုံအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကတဆင့် Dead Body တင်ယာဉ်နဲ့ လူနာတင်ယာဉ်တွေ အခမဲ့ (ဒါမှမဟုတ်) သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ပို့ဆောင်စေရေး၊ တက်ရောက်လာတဲ့ ပရဟိတ အသင်းအဖွဲ့တွေက ပါဝင်ကူညီပါက ကူညီပေးမဲ့ ပရဟိတအသင်း၊ ဆက်သွယ်ရမဲ့ အသင်းအမည်၊ ပုဂ္ဂိုလ် ၊ ဖုန်းနံပါတ်တို့ကို ဆေးရုံကြီးမှာ ဗီနိုင်းနဲ့ ကပ်ထားနိုင်ရေး ညှိနှိုင်း တင်ပြဆောင်ရွက်သွားမဲ့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။အဲဒီနောက် ဇွန် ၃ ရက် နဲ့ ၄ ရက်နေ့တွေမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့မှာ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ယာဥ်ထိန်း တပ်ဖွဲ့ စုမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြိုနယ်စည်ပင်သာယာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့နဲ့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဝင်ပေါက်ရှေ့မှာပြင်ပ လူနာ တင်ယာဥ်တွေ အကြောင်းမဲ့ အချိန်ကြာမြင့်စွာ ရပ်နားမှု မရှိစေရေး၊ လူနာတင်ယာဥ်တွေ အသင်း အဖွဲ့ မှတ်ပုံတင်ဆောင်ရွက်ထားခြင်း ရှိ/မရှိ အခြေအနေတွေကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ပုံမှန် ကြီးကြပ် ပေးနိုင်ရေး ဆေးရုံအထောက်အကူပြုအဖွဲ့မှာ အနီးကပ်ပူးပေါင်း တင်ပြဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လာမဲ့ ဇွန် ၈ ရက်မှာ စတင်ဖွင့်လှစ်မဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး (၂) ထပ် ရင်ခွဲရုံသစ်မှာ ကူညီပေးမဲ့ ပရဟိတအဖွဲ့တွေကို မိဘပြည်သူတွေထံ အသိပေးနှိုဆော်ချက် ဆိုင်းဘုတ်တပ်ဆင်ထားခြင်း၊ ငွေတောင်း ခံပါက တိုင်ကြားရန် ဗီနိုင်းတွေ ကပ်ထားတာ၊ ဝန်ထမ်းတွေ ရင်ဘတ်မှာ အမည်ရာထူး တံဆိပ်တွေ တပ်ထား စေတာ နဲ့ ဝန်ထမ်း (၄) ဦးကို ဌာနပြောင်းရွှေ့ထားတာတွေ ဆောင်ရွက်နေတယ်လို့ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။




