ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်တချို့မှာ ဇွန် ၆ ရက်၊ မနက်အစောပိုင်းက မြေကြီးတုန်ခါသံ ကြားရပြီး မြေထုနိမ့်ဆင်းသွားတယ်ဆိုတဲ့ သတင်းဟာ မဟုတ်ဘဲ ကောလာဟလသာ ဖြစ်တယ်လို့ လှိုင်မြို့နယ်မှာ နေထိုင်သူတချို့က ပြောပါတယ်။
အဲဒီသတင်းကြားကြားချင်း လှိုင်မြို့နယ်အတွင်းမှာရှိတဲ့ ရပ်ကွက်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ လိုက်လံ ကြည့်ရှုစစ်ဆေးနေပြီး မြေထုနိမ့် သွားတဲ့နေရာလည်းမရှိသလို လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြနေတဲ့ မြေကြီး တုန်ခါသံကြားရတယ်ဆိုတာကလည်း ကောလဟလသာဖြစ်တယ်လို့ လှိုင် မဲဆန္ဒနယ်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ် ဦးစိုးမိုးအောင်က One News ကို အတည်ပြု ပြောပါတယ်။မိုးရာသီကာလမှာဆိုရင် မြစ်နားနီးတဲ့နေရာ မြေပျော့တဲ့နေရာမျိုးတွေမှာ မြေကျွံတာ ၊ မြေကြီး နိမ့်ဆင်းတာတွေ ၊ အက်ကွဲကြောင်းပေါ်တာတွေက ဖြစ်လေ့ရှိပေမဲ့ ရန်ကုန်မှာ မြေသားကောင်းတဲ့ နေရာတွေ အတွက် ဒီလိုဖြစ်စဉ်မျိုးဟာ ကြုံလေ့ကြားလေ့မျိုးတော့မရှိဘူးလို့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီ၊ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က သုံးသပ် ပြောပါတယ်။
ဇွန်လ ၆ ရက်၊ မနက် ၆ နာရီခွဲအချိန်လောက်က လှိုင်မြို့နယ်မှာ ငလျင်လှုပ်သွားသလို ဒုံးဆိုတဲ့ အသံကြီး မြည်ပြီး မြေထုနိမ့် ဆင်းသွားတာကို လှိုင်မြို့နယ်က ရပ်ကွက်က လူတွေခံစားလိုက်ရတယ်ဆိုတဲ့ ကောလာဟလသတင်းတွေ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။




