နေရောင်ခြည်စွမ်းအင်အသုံးပြုပြီး လျှပ်စစ် ဓာတ်အားထုတ်ယူအသုံးပြုတာနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ တက်ရောက်ဆွေးနွေးဖို့ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနက အသိပေးထုတ်ပြန် ထားပါတယ်။နိုင်ငံတော်ရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုမှာ ဆိုလာဓာတ်အားစနစ်သိသာစွာတိုးတက်ပါဝင်လာစေဖို့ ရည်ရွယ်တဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ကြီးမှူးပြီး ၂၀၂၆ ဇူလိုင်လ ပထမ ပတ်အတွင်း ကျယ်ပြန့်စွာကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အဲဒီအလုပ်ရုံဆွေးနွေးပွဲမှာ ဆိုလာနည်းပညာ ၊ဘက်ထရီနည်းပညာ၊ ဆိုလာဓာတ်အားပေးစနစ်တွေနဲ့ ပတ်သက်တဲ့ ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးက တာဝန်ရှိပုဂ္ဂိုလ်တွေ ၊ ကျောင်းသား ကျောင်းသူတွေ နဲ့ စိတ်ပါဝင်စားသူတွေ တက်ရောက်ဆွေးနွေးအကြံပြုကြဖို့ ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။ဆွေးနွေးလိုတဲ့ခေါင်းစဉ်တွေကို လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ဖုန်းနံပါတ် ၀၉-၄၃၀ ၁၆၆၉၀ ၊ ၀၆၇-၃၄၁၀၄၇၁ တို့ကို ဆက်သွယ်ပေးပို့နိုင်တယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေး ဖိတ်ခေါ်ထားပါတယ်။

မြန်မာနိုင်ငံဟာ နေရောင်ခြည် ပေါကြွယ်ဝစွာရှိနေပေမဲ့လည်း နေရောင်ခြည်စွမ်းအင်အရင်းအမြစ်က လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနိုင်မှ ပမာဏဟာ နည်းပါးနေတယ်လို့ ဆိုပါတယ်။လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ နေရောင် ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားတိုးမြှင့်ထုတ်ယူနိုင်ရေး တွန်းအားပေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။နိုင်ငံတော်ရဲ့ မဟာဓာတ်အားလိုင်းတွေအတွင်းကို သင့်တင့်တဲ့အချိုးအစားနဲ့ ဆိုလာစနစ်ကို ထည့်သွင်းနိုင်ရေး နဲ့ တစ်ဦးချင်းဖြစ်စေ အစုအဖွဲ့လိုက်ဖြစ်စေ ဆိုလာစနစ်တပ်ဆင်အသုံးပြုနိုင်ရေး ဆိုတဲ့ နည်းလမ်းနှစ်ခုနဲ့ အားပေးဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

