ရန်ကုန်မြစ်အတွင်း ပြေးဆွဲနေတဲ့ ခရီးသည်တင်စက်လှေ (သမ္ဗန်) တွေ စီးနင်းပြီး ရန်ကုန်-ဒလ နဲ့ ရန်ကုန်- ဆိပ်ကြီးခနောင်တို လမ်းကြောင်းတွေကို ကူးလူးသွားလာကြတဲ့ ပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် အသက်ကယ်အင်္ကျီ (Lifejacket) အထည် ၅၀၀ ပေးအပ်လှူဒါန်းပွဲကို ဇွန် ၆ ရက်၊ မနက်ပိုင်းက ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (ရုံးချုပ်) ခန်းမမှာ ကျင်းပခဲ့ပါတယ်။

အဲဒီ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှု နှင့် လမ်းပန်း ဆက်သွယ် ရေးဝန်ကြီး ဒေါက်တာ မျိုးသော် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားကာ အသက်ကယ်အင်္ကျီတွေကို စက်လှေဆိပ်တာဝန်ခံတွေထံ ပေးအပ်လှူဒါန်းခဲ့ပါတယ်။အခမ်းအနားမှာ ဝန်ကြီး ဒေါက်တာ မျိုးသော် က ရန်ကုန်-ဒလ မြစ်ကူးတံတားကြီး တည်ဆောက် ပြီးစီးခဲ့ပေမဲ့ လိုအပ်ချက်တွေအရ ပြည်သူတွေအနေနဲ့ သမ္ဗန်တွေကို ဆက်လက်အသုံးပြု သွားလာနေကြရဆဲ ဖြစ်ကြောင်း၊ သမ္ဗန်တွေမှာ လက်ရှိအသုံးပြုနေတဲ့ အသက်ကယ်အင်္ကျီတွေဟာ ဟောင်းနွမ်းပျက်စီးနေတဲ့အတွက် ခရီးသည် တွေ ဝတ်ဆင်လိုခြင်း မရှိဘဲ မတော်တဆမှုတွေ ကြုံတွေ့ရတဲ့အခါ အသက်ဆုံးရှုံးမှုတွေအထိ ရှိနေရတယ်လို့ ပြောပါတယ်။

ဒါ့ကြောင့် အလှူရှင်တွေ စုပေါင်းပြီး အခုလို လှူဒါန်းရတာ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ လည်း ထပ်မံလိုအပ်မဲ့ အသက်ကယ်အင်္ကျီတွေကို ဆက်လက်စီစဉ် လှူဒါန်းပေးသွားမှာ ဖြစ်ကြောင်းနဲ့ လှူ ဒါန်းထားတဲ့ ပစ္စည်းတွေကို ထိရောက်စွာ အသုံးပြုနိုင်ရေး အလေးထားကြပ်မတ်ပေးဖို့ တိုက်တွန်း ပြော ကြား ခဲ့ပါတယ်။အဲဒီနောက် ဝန်ကြီး ဒေါက်တာမျိုးသော် နဲ့ တာဝန်ရှိသူတွေက သမ္ဗန်ဆိပ် (၈) ခုက တာဝန်ခံတွေထံ အသက် ကယ်အင်္ကျီ အထည် ၄၀၀ ကို ပေးအပ်လှူဒါန်းပါတယ်။ဒါ့အပြင် ဝန်ကြီးနဲ့ အဖွဲ့ဟာ ကျန်းမာရေးဆိပ်ကမ်းတံတားက တစ်ဆင့် ရေယာဉ်တွေနဲ့ ဆိပ်ကြီးခနောင်တို မြို့ကို သွားရောက်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမမှာ ဌာနဆိုင်ရာတွေ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့မိမြို့ဖတွေ နဲ့ တွေ့ဆုံပြီး ကျန်ရှိတဲ့ သမ္ဗန်ဆိပ် (၃) ခုအတွက် အသက်ကယ် အင်္ကျီ အထည် ၁၀၀ ကို ထပ်မံပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။




