မန်ယူအသင်းဟာ အတ္တလန္တာအသင်းရဲ့ ဘရာဇီးကွင်းလယ်လူ အီဒါဆန်ကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူဖို့အတွက် သဘောတူညီမှုရခဲ့ပြီလို့ သတင်းထုတ်ပြန်လိုက်ပါတယ်။ အသက် ၂၆ နှစ်အရွယ် အီဒါဆန်ကို မန်ယူအသင်း ၄ နှစ် စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး နောက်ထပ် ၁ နှစ်အလိုအလျောက်သက်တမ်းတိုးဖို့ကိုလည်း သဘောတူညီမှုရခဲ့တယ်လို့ သိရပါတယ်။

အီဒါဆန်က အခုထိ မန်ယူအသင်းနဲ့ ဆေးစစ်မှုမလုပ်ရသေးပေမယ့် မန်ယူအသင်းရဲ့ ရာသီကြို ပြင်ဆင်မှုတွေစတင်မယ့် ဇူလိုင်လဆန်းပိုင်းမှာ အပြောင်းအရွှေ့အပြီးသတ်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် အီဒါဆန်ဟာ မန်ယူအသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခံရတဲ့ မိုက်ကယ်ကာရစ်လက်ထက် ပထမဆုံးခေါ်ယူမှု လည်းဖြစ်လာမှာပါ။ စာချုပ်ပါအချက်အလက်တွေအရ မန်ယူအသင်းဟာ အီဒါဆန်ရဲ့ စွမ်းဆောင်ရည်နဲ့ အသင်း အောင်မြင်မှုတွေအပေါ်မူတည်ပြီး နောက်ထပ် ပေါင် ၃ ဒသမ ၉ သန်း ပေးရဖို့လည်း သဘောတူထားတယ်လို့ ဆိုပါတယ်။

ကွင်းလယ်ကစားသမား အီဒါဆန်ဟာ အတ္တလန္တာအသင်း ကွင်းလယ်မှာ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ ပွဲပေါင်း ၁၈၀ မှာ သွင်းဂိုး ၁၆ ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ မန်ယူနည်းပြ ကာရစ်ဟာ လာမယ့်ရာသီအတွက် ကွင်းလယ်ကစားသမား ၃ ဦးလောက် ထပ်ဖြည့်ဖို့ ဆန္ဒရှိနေတာဖြစ်ပြီး နောက်ထပ် ကွင်းလယ်ကစားသမားအဖြစ် ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်ကစားသမား မာသီးယက်စ် ဖာနန်ဒက်စ်ကိုလည်း ပစ်မှတ်ထားနေတာဖြစ်ပါတယ်။




