၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မော်ရိုကိုလက်ရွေးစင်အသင်းရဲ့ ကစားသမား ၂၆ ယောက်စာရင်းကို ထုတ်ပြန် ခဲ့ရာမှာ ဒဏ်ရာပြဿနာရှိနေတဲ့ အသင်းခေါင်းဆောင် ညာနောက်ခံလူ ဟာကီမီနဲ့ ဗဟိုနောက်ခံလူ အဂတ်တို့ကို ထည့်သွင်းရွေးချယ်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ မတ်လကမှ မော်ရိုကိုလက်ရွေးစင်အသင်းနည်းပြသစ်ဖြစ်လာခဲ့တဲ့ အိုအာဘီဟာ လက်ရွေးစင်အသင်း လူစာရင်းကို ရွေးချယ်ရာမှာ အပြောင်းအလဲတစ်ချို့ ပြုလုပ်ထားခဲ့တာကို လည်းတွေ့ရပါတယ်။

အသက် ၂၇ နှစ်အရွယ် ညာနောက်ခံလူ ဟာကီမီဟာ ဒဏ်ရာကြောင့် ဧပြီလကုန်ပိုင်းထဲက အနားယူနေရသူဖြစ်ပြီး အာဆင်နယ်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် လေ့ကျင့်မှုတွေ လုပ်နေ တဲ့ ပီအက်စ်ဂျီအသင်းနဲ့အတူ ပြီးခဲ့တဲ့တစ်ပတ်ကလေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နိုင်တာဖြစ်ပါတယ်။ မာဆေးလ် နောက်ခံလူ အဂတ်ကလည်း ဒဏ်ရာကြောင့် မတ်လထဲက မကစားနိုင်တာဖြစ်ပြီး ဒဏ်ရာရှိနေတဲ့ ကစားသမား တွေရဲ့ ကြံ့ခိုင်မှုစစ်ဆေးချက်ကို အသင်းဆေးအဖွဲ့ဆီကနေ ထောက်ခံချက်ယူပြီးမှ ရွေးချယ်တာ ဖြစ်တယ်လို့ နည်းပြ အိုအာဘီက ပြောပါတယ်။ မော်ရိုကိုအသင်းလူစာရင်းမှာ ချဲလ်ဆီးတောင်ပံကစားသမား ဇီယက်ရှ် ချန်လှပ်ခြင်းခံထားရသလို ဝါရင့်တိုက်စစ်မှူး အယ်နက်ဆရီလည်း ပါဝင်လာခြင်း မရှိတာတွေ့ရပါတယ်။




