အမေရိကန် အာကာသ လေ့လာစူးစမ်းမှုတွေ လုပ်နေတဲ့ နာဆာအဖွဲ့ဟာ လပေါ် အမြဲတမ်း အခြေစိုက်စခန်းတစ်ခု တည်ဆောက်မဲ့ စီမံကိန်း အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ လကမ္ဘာဆီ စေလွှတ်ဖို ရည်ရွယ်ထားတဲ့ စက်ရုပ် ဆင်းသက် ယာဉ်တွေ၊ ပျံနိုင် ခုန်နိုင်တဲ့ဒရုန်းတွေနဲ့ မော်တော်ယာဉ်တွေရဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်လိုက် တယ်လို့ AP သတင်းမှာ ဖော်ပြပါတယ်။

ဒီစက်ပစ္စည်းတွေကို တည်ဆောက်ဖို့ ရွေးချယ်ခံရတဲ့ ကုမ္ပဏီ အနည်းငယ် ထဲမှာ အမေဇုန် တည်ထောင်သူ Jeff Bezos ရဲ့ အာကာသကုမ္ပဏီ Blue Origin လည်း ပါဝင်ပါတယ်။ အမေရိကန် ဟာ သမ္မတဒေါ်နယ်ထရမ့် ရာထူးက မထွက်ခင် ၂၀၂၉ မတိုင်ခင် အမေရိကန်နိုင်ငံသားတွေကို လကမ္ဘာပေါ်ဆီ နောက်တစ်ကြိမ် ပြန်လည် အခြေချနိုင်ဖို့ လိုလားနေတာပါ။ ဒါပေမဲ့ နာဆာဟာ လူသားတွေကို လကမ္ဘာ မျက်နှာ ပြင်ပေါ် ပြန်လည် စေလွှတ်ဖို့အတွက် တရုတ်နိုင်ငံနဲ့ ပြိုင်ဆိုင်နေရတာဖြစ်လို့ ဒီအာကာသပြိုင်ပွဲအသစ်မှာ သူတို့ပဲ နိုင်နေတယ်ဆိုတဲ့ ပုံစံမျိုး ပြသနိုင်ဖို့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

တရုတ်နိုင်ငံကလည်း ၂၀၃၀ ပြည့်နှစ် မတိုင်မီ လပေါ်ကို လူသားတွေ စေလွှတ်ဖို့ သူတို့ရဲ့ စီမံကိန်းတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နေတာ ဖြစ်ပါ တယ်။ နာဆာ အုပ်ချုပ်ရေးမှူး Jared Isaacman က အခုလို ကြေညာတာတွေဟာ ဘာကို ပြနေလဲဆိုတော့ အမေရိကန်အနေနဲ့ “ လကမ္ဘာကို ဘယ်တော့မှ နောက်ထပ် လက်လွှတ်မှာ မဟုတ်တော့ဘူး” ဆိုတာပဲ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။




