ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးဟာ မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံသံအမတ်ကြီး မစ္စ မာကျားနဲ့ မေ ၂၀ ရက်က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ် တော်ဆောင် ဧည့်ခန်းမဆောင်မှာ လက်ခံတွေ့ဆုံပြီး တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက်နဲ့ မြန်မာ့လွှတ်တော် တွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်သွားရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံစဉ် ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တရုတ်နိုင်ငံရဲ့ စီးပွားရေးအောင်မြင်မှုတွေနဲ့ မူဝါဒသစ်တွေက မြန်မာနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေအတွက် အခွင့်အလမ်း သစ်တွေ ဖော်ဆောင်ပေးနိုင်ရေး၊ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးခရီးလမ်း ခိုင်မာစေရေး အတွက် နိုင်ငံနဲ့ကိုက်ညီတဲ့ ဒေသအခြေခံဖက်ဒရယ်စနစ်ကို ဖော်ဆောင်နေမှု အခြေအနေတွေကို ဆွေးနွေးခဲ့ကြ ပါတယ်။ဆက်လက်ပြီး တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ကုန်သွယ်ဖက်၊ ဒုတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံ ဖြစ်တဲ့အတွက် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ ပြည်တွင်းတည်ငြိမ်အေးချမ်းရေး အတွက် လက်နက်ကိုင်အဖွဲ့အားလုံးကို ဥပဒေဘောင်အတွင်း ဝင်ရောက်ရေး အစဉ်တစိုက် ဖိတ်ခေါ်နေရာ အခု အစိုးရသစ်ရဲ့ ရက်(၁၀၀) ငြိမ်းချမ်းရေးအစီအစဉ်အဖြစ် ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀ ရက်ကနေ ဇူလိုင် ၃၁ ရက်အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖိတ်ခေါ်ထားမှု အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီအပြင် နှစ်နိုင်ငံနယ်နိမိတ်ချင်း မိုင်ပေါင်းများစွာ ထိစပ်နေတဲ့အတွက် နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုနက်ရှိုင်းစေရေး အခြေအနေတွေကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။တွေ့ဆုံပွဲကို ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့အတူ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး၊ အမျိုးသား လွှတ်တော်ရုံးက တာဝန်ရှိသူတွေနဲ့ တရုတ်သံရုံးက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။




