အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ စပ်လျဉ်းတဲ့ တူညီဆန္ဒမရှိသေးပေမဲ့ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံချင်းစီအလိုက် ထိတွေ့ဆက်ဆံမှုတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ၁၀ရက်မှာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုကို အာဆီယံနိုင်ငံအများစုက နားလည်သဘောပေါက်ပြီး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုပေမဲ့ တခြားအဖွဲ့ဝင်နိုင်ငံအနည်းငယ်က မြန်မာအစိုးရအပေါ် ကန့်သတ်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ တန်းတူကိုယ်စားပြုမှုကို ချန်လှပ်ထားမှုတွေကို ဆက်လက်ပြုလုပ်ဖို့ ကြိုးပမ်းနေပြီး အာဆီယံပဋိညာဉ်စာတမ်း အခန်း(၁)၊ ပုဒ်မ(၂)မှာပါတဲ့ အခြေခံမူတွေကို ဖောက်ဖျက်ကာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ၊ ဝေဖန်ပြောဆိုတာ၊ ဖိအားပေးတာတွေကို ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့တဲ့ ၁၉၉၇ခုနှစ်ကစတင်ပြီး အာဆီယံရဲ့လုပ်ငန်းစဉ်တွေကို အာဆီယံတူညီဆန္ဒတွေနဲ့အညီ တက်ကြွစွာပူးပေါင်းဆောင်ရွက်ခဲ့သလို တာဝန်ယူမှုရှိတဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ် အာဆီယံရဲ့ ယန္တရားတွေနဲ့ လှုပ်ရှားမှုတွေအတွက် နှစ်စဉ်ထည့်ဝင်ငွေ ပေးဆောင်တာအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံရဲ့ တာဝန်ဝတ္တရားတွေကို အစဉ်တစိုက် ဖြည့်ဆည်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။လွန်ခဲ့တဲ့၅နှစ်တာကာလအတွင်း အာဆီယံနိုင်ငံတချို့ရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်ပေမဲ့လည်း မြန်မာနိုင်ငံအနေနဲ့ စိတ်ရှည်သည်းခံပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ တာဝန်ဝတ္တရားတွေနဲ့အညီ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလို အပြုသဘောမဆောင်တဲ့ ခွဲခြားဆက်ဆံမှုတွေကို နိုင်ငံတော်အစိုးရသစ်လက်ထက်မှာ ဆက်လက်လုပ်ဆောင်ဖို့ ကြိုးပမ်းနေမှုတွေဟာ ဒီမိုကရေစီနည်းလမ်းတကျမဲပေးခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားတွေကို လျစ်လျူရှုရာရောက်တယ်လို့လည်း ဆိုပါတယ်။အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ စပ်လျဉ်းတဲ့ တူညီဆန္ဒမရှိသေးပေမဲ့ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံချင်းစီအလိုက် ထိတွေ့ဆက်ဆံမှုတွေကို ဆက်လက်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ ဖြစ်ပေါ်တိုးတက်မှုတွေအပေါ် ထောက်ခံကူညီပေးခဲ့တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုကို မြန်မာနိုင်ငံက ကျေးဇူးတင်ရှိပါတယ်လို့လည်း ဖော်ပြထားပါတယ်။မြန်မာနိုင်ငံအနေနဲ့ ပကတိအခြေအနေအပေါ်မူတည်ပြီး မိမိနိုင်ငံနဲ့ ကိုက်ညီတဲ့ မြန်မာဦးဆောင်တဲ့ မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုင်းပြည်သာယာဝပြောရေးနဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးနဲ့ အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။




