နိုင်ငံတော်သမ္မတဟာ ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အနေနဲ့လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနဲ့ လူသားချင်းစာနာထောက်ထားမှုကို အ လေးထားတဲ့အနေနဲ့လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးမှာ ပါဝင်နိုင် ရေးအတွက်လည်းကောင်း၊ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/အကျဉ်းသူ ၁၅၀၈ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်တယ်လို့ နိုင်ငံတော်သမ္မတရုံးက ဧပြီလ ၃၀ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ပါတယ်။

အခုလိုပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုရာမှာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ရင် အဲဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ကျန်တဲ့ ပြစ်ဒဏ်ကိုပါ ဆက်လက်ကျခံပါမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ပြစ်ဒဏ်တွေကိုလျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတဟာဧပြီလ၃၀ရက်မတိုင်မီ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတစ်ခုခုနဲ့ စပ်လျဉ်းပြီး ပြစ်ဒဏ်ချမှတ်ခံရကာ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/ အကျဉ်းသူတွေကို ရာဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ကျခံဖို့ကျန်တဲ့ပြစ်ဒဏ်တွေရဲ့ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တယ်လို့ နိုင်ငံတော်သမ္မတရုံးက အမိန့်ထုတ်ပြန်ထားပါတယ်။

အဲဒီအပြင် နိုင်ငံတော်သမ္မတဟာ အကျဉ်းထောင်/အချုပ်ထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၁၁ဦးကိုလည်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ရင် အဲဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ကျန်တဲ့ ပြစ်ဒဏ်ကိုပါ ဆက်လက်ကျခံပါမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ပြစ်ဒဏ်တွေကိုလျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ နိုင်ငံတော်သမ္မတရုံးက အမိန့်ထုတ်ပြန်ထားပါတယ်။




