နေပြည်တော်ကောင်စီနယ်မြေမှာ ဧပြီ၂၈ရက်၊ ညနေ၄နာရီခွဲအချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်တွေ၊ ဓာတ်တိုင်တွေ ပြိုလဲကုန်တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရှိ ဒက္ခိဏသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်နဲ့ လယ်ဝေးမြို့နယ်တို့ရှိ နေရာ ၃၈ နေရာမှာ ဓာတ်တိုင်နဲ့ သစ်ပင်တွေပြိုလဲပြီး လျှပ်စစ်ဓာတ်အားလိုင်းတွေ၊ အဆောက်အဦတွေနဲ့ မော်တော်ယာဉ်တွေအပေါ် ပိမိပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ပိတ်ဆို့နေတဲ့ အတားအဆီးတွေကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူဦးဆောင်ပြီး ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ဒါ့အပြင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် Junction Nay Pyi Taw ဈေးဝယ်စင်တာမှာ နံရံပြိုကျ ပွင့်ထွက်မှုဖြစ်ပွားခဲ့တယ်လို့လည်း ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။




