ထူး ထရေးဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၁၇ ခုက ပို့ကုန်ရငွေ ကြွေးကျန် အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီး ဖြစ်တဲ့အတွက် အဲဒီကုမ္ပဏီနဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေအပေါ် အမည်မည်းစာရင်း ထည့်သွင်းတာနဲ့ မြန်မာပြည် ဝင်/ထွက်ခွင့် တားဆီးတာတို့ကနေ ပယ်ဖျက်လိုက်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဧပြီလ ၂၇ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်း မရှိတဲ့ ကုမ္ပဏီ ၅၆၇ ခုနဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေကို အမည်မည်းစာရင်းထည့် သွင်းတာနဲ့ မြန်မာပြည်ဝင်ပြည်ထွက်ခွင့်တားဆီးတာကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်က အမည်မည်းစာရင်း ထည့်သွင်းတာနဲ့ မြန်မာပြည် ဝင်/ထွက်ခွင့် တားဆီးတာခံခဲ့ရတဲ့ ကုမ္ပဏီတွေထဲက ကုမ္ပဏီ ၂၉ ခုကို ပို့ကုန်ရငွေတွေ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီး ဖြစ်လို့ အမည်မည်းစာရင်းထည့်သွင်းတာနဲ့ ပြည်ဝင်ပြည်ထွက်ခွင့်တားဆီးတာတို့ကနေ ပယ်ဖျက်ပေးခဲ့ပါတယ်။အခုအခါမှာတော့ ပို့ကုန်ရငွေတွေ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီးဖြစ်တဲ့ ကုမ္ပဏီ ၁၇ ခုကို အမည်မည်းစာရင်း ထည့်သွင်းတာနဲ့ မြန်မာပြည် ဝင်/ထွက်ခွင့် တားဆီးတာကို ထပ်မံပယ်ဖျက်ပေးခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီးနောက် ပို့ကုန်ရငွေ ပြန် လည်ဝင်ရောက်မှု မရှိတဲ့ ကုမ္ပဏီတွေအနက် အမေရိကန်ဒေါ်လာ ၅ သိန်းနဲ့အထက်ရှိတဲ့ ကုမ္ပဏီ(၂၈)ခု၊ ၂ဝ၂၁ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်မှုမရှိတဲ့ ကုမ္ပဏီတွေအနက် အမေရိကန်ဒေါ်လာ ၅ သိန်းနဲ့အထက်ရှိတဲ့ ကုမ္ပဏီ (၅၅)ခုတို့ကို အမည်မည်းစာရင်း ထည့်သွင်းတာနဲ့ မြန်မာပြည် ဝင်/ထွက်ခွင့် တားဆီးတာတို့ကို ဆောင်ရွက်ခဲ့တာပါ။

အဲဒီအပြင် ၂ဝ၁၆ ခုနှစ်ကနေ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်တာ မရှိတဲ့ ကုမ္ပဏီ (၁၉၇)ခု၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်အတွင်း ပို့ကုန် တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်တာ မရှိတဲ့ ကုမ္ပဏီ (၂၈၇)ခုတို့ကိုလည်း အမည်မည်းစာရင်း ထည့်သွင်းတာနဲ့ မြန်မာပြည်ဝင်ပြည်ထွက်ခွင့် တားဆီးတာကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ညှိနှိုင်းချက်အရ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနတို့က အဲဒီကုမ္ပဏီတွေကို အမည်မည်းစာရင်း ထည့်သွင်းတာနဲ့ မြန်မာပြည် ဝင်/ထွက်ခွင့် တားဆီးတာ တွေကို ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။




