နပန်းလက်ရွေးစင်ဖြစ်လိုတဲ့ လူငယ်တွေအတွက် အခမဲ့သင်တန်းကို လာမဲ့ မေလမှာ စတင်ဖွင့်လှစ်ကာ စခန်းသွင်း လေ့ကျင့်ပေးသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ နပန်းအဖွဲ့ချုပ်က သိရပါတယ်။မြန်မာနိုင်ငံ နပန်းအဖွဲ့ချုပ်အနေနဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွေ၊ နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ လူငယ်မျိုးဆက်သစ် ကစားသမားတွေကို ရေရှည်စီမံကိန်းနဲ့ စခန်းသွင်း လေ့ကျင်းပေးဖို့ အတွက် ဖိတ်ခေါ်တာဖြစ်တယ်လို့ ဆိုပါတယ်။

သင်တန်းကို လျှောက်လိုတဲ့ လူငယ်မျိုးဆက်သစ် ကစားမားတွေအနေနဲ့ နပန်းအားကစားနည်းကို စိတ်ဝင်းစားမှု ရှိပြီး အသက် (၂၀)အောက် ကျန်းမာကြံ့ခိုင်ကာ အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရမှာ ဖြစ်ပါတယ်။ဒါ့အပြင် မြန်မာ့နပန်း လက်ရွေးစင်ဖြစ်တဲ့အထိ ကြိုးစားအားထုတ်လိုသူ အမျိုးသား၊ အမျိုးသမီးတွေ လာရောက် လျှောက် ထားနိုင်ပြီး ရွေးချယ်ခံရတဲ့ သင်တန်းသားတွေအနေနဲ့ သင်တန်းကို အခမဲ့ တက်ရောက်နိုင်မှာ ဖြစ်ပါ တယ်။

သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်း၊ မြန်မာနိုင်ငံ နပန်းအဖွဲ့ချုပ်ရုံးကို လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံ နပန်းအားကစားသမားတွေအနေနဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ခဲ့ကြ ရာ လက်ရှိအချိန်အထိ ရွှေ ၅ ခု၊ ငွေ ၈ ခုနဲ့ ကြေး ၂၈ ခု ရရှိထားပြီး နိုင်ငံ့ဂုဏ်ကို နပန်း အားကစားနည်းနဲ့ မြှင့်တင် နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ်က သိရပါတယ်။




