တေးသီချင်း မူပိုင်ရှင်တွေရဲ့ သီချင်းတွေကို ပြန်လည်သီဆိုတာ၊ ကပြဖျော်ဖြေတာ၊ Media Platform တွေမှာ အသုံး ပြုတာနဲ့ DJ တီးခတ်မယ်ဆိုရင် သီချင်းမူပိုင်ခွင့် ပိုင်ရှင်တွေထံမှ ခွင့်ပြုချက် ရယူရမယ်လို့ မြန်မာနိုင်ငံ ဂီတ အစည်းအရုံး (ဗဟို)က ဧပြီ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။ တေးသီချင်းမူပိုင်ရှင်တွေရဲ့ တိုင်ကြားမှုတွေ ရှိလာတာကြောင့် ဇာတ်သဘင်တွေ ကပြဖျော်ဖြေရာမှာ စတိတ်ရှိုးတွေ၊ ပြဇာတ်တွေမှာ သီဆိုတဲ့ သီချင်းတွေဟာ သက်ဆိုင်တဲ့ မူပိုင်ခွင့် ပိုင်ရှင်တွေရဲ့ ခွင့်ပြုချက်ရယူရမှာဖြစ်ပြီး Cover Song တွေ၊ ကြော်ငြာ သီချင်းတွေနဲ့ Media Platform တွေမှာ အသုံးပြုတဲ့ ဘယ်သီချင်းမဆို သီချင်း မူပိုင်ခွင့် ပိုင်ရှင် တွေထံမှ ခွင့်ပြုချက်ရယူရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် AI နဲ့ သီချင်းပိုင်ရှင်တွေရဲ့ ခွင့်ပြုချက် မရှိဘဲ အမျိုးသမီး ဆိုတဲ့ သီချင်းတွေကို အမျိုးသားအသံ၊ အမျိုးသား သီဆိုတဲ့ သီချင်းတွေကို အမျိုးသမီး အသံတွေနဲ့ တေးသီချင်း မူပိုင်ရှင်တွေ မသိရှိ၊ ခွင့်ပြုခြင်း မရှိဘဲ အမျိုးမျိုး ပြောင်းလဲ တာတွေကို လုံးဝ သုံးစွဲခြင်းမပြုရဘူးလို့ အသိပေးထုတ်ပြန်ထားပါတယ်။အလားတူ DJ တွေကလည်း Remix တွေ တီးရာမှာ သီချင်း ပိုင်ရှင်တွေရဲ့ ခွင့်ပြုချက် ရယူဖို့နဲ့ အခြားသီချင်းတွေ ပါဝင် ပါကလည်း မူပိုင်ခွင့် ပိုင်ရှင်တွေထံမှ ခွင့်ပြုချက် တောင်းခံရမှာ ဖြစ်တာကြောင့် အနုပညာရှင်တွေအနေနဲ့ မူပိုင်ခွင့်ပိုင်ရှင်တွေဆီကနေ ခွင့်ပြုချက် ရယူပေးဖို့နဲ့ ပျက်ကွက်ပါက ဥပဒေအရ ငြိစွန်းမှာ ဖြစ်တယ်လို့ ထုတ်ပြန် ထားပါတယ်။

ဒါ့ကြောင့် အနယ်နယ်အရပ်ရပ် လှည့်လည် ကပြဖျော်ဖြေတဲ့ ဇာတ်သဘင်တွေမှာ အသုံးပြုတဲ့ သီချင်းတွေအတွက် သက်ဆိုင်ရာ သီချင်း ပိုင်ရှင်တွေရဲ့ ခွင့်ပြုချက် ရှိ၊ မရှိကို သက်ဆိုင်ရာ တိုင်း၊ ခရိုင် မြို့နယ် ဂီတအစည်းအရုံး တွေကနေ စိစစ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။




