အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ နိုင်ငံ နဲ့ ပြည်သူအားလုံးအကျိုးကို သစ္စာရှိစွာ နဲ့ ဦးထိပ်ပန်ဆင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂ မဟာ သီရိသုဓမ္မ ဦးမင်းအောင်လှိုင်က ဧပြီ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့) မှာ နှစ်သစ်ကူး နှုတ်ခွန်းဆက် မင်္ဂလာစကား ပြောကြားရာမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အခုလို ထူးခြားတဲ့ နှစ်သစ်ကူး နေ့ထူးနေ့မြတ် အခါသမယမှာ ပြည်သူတွေ လိုလားတဲ့ ဒီမိုကရေစီ အစိုးရအသစ် နဲ့ လွှတ်တော်တွေကလည်း ပြန်လည် အသက်ဝင်လာပြီ ဖြစ်ပြီး ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် စာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။အဲဒါကြောင့် နိုင်ငံတော် အစိုးရသစ် အနေနဲ့ အခုနှစ်သစ်ကစပြီး တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကို မောင်နှမအားလုံးတို့ရဲ့ လိုအင်ဆန္ဒ တွေနဲ့ လူမှုစီးပွဘဝမြှင့်တင်ရေး၊ ထာဝရငြိမ်းချမ်းရေး နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့ကို အောင်မြင်အောင် အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်သွားနိုင်မှာ ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။
နှစ်သစ်ကို မျှော်လင့်ချက်အသစ်တွေနဲ့ ကျွန်တော်တို့ အားလုံး အတိတ်က ခါးသီးမှု အတွေ့အကြုံတွေကို သင်ခန်းစာ ယူပြီး သာယာဝပြောတဲ့ နိုင်ငံတော်သစ်ဆီကို ညီညီညွတ်ညွတ် အတူတကွ လျှောက်လှမ်းကြဖို့ ပြောကြားလိုတယ်လို့ ဆိုပါတယ်။ဒါ့ကြောင့် မြန်မာနှစ်ဆန်းတစ်ရက်နေ့ကစပြီး မြန်မာပြည်တွင်း မှီတင်းနေထိုင်ကြတဲ့ မိဘပြည်သူ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ၊ ပြည်ပမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသား အပေါင်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းမှာ ဟန်ချက်ညီစွာ နဲ့ မေတ္တာတရား လက်ကိုင်ထားပြီး ခရီးဆက်နိုင်ကြပါကြောင်း၊ မိမိတို့ နိုင်ငံ၊ မိမိတို့ လူမျိုး၊ မိမိတို့ ဘာသာ သာသနာ အကျိုးကို ဆတက်ထမ်းပိုး တိုးမြှင့် ထမ်းဆောင်နိုင်ကြပါစေကြောင်း နဲ့ အန္တရာယ် ဟူသမျှ ကင်းဝေးကြပါစေကြောင်း နှစ်သစ်အခါသမယ ဆုမွန်ကောင်း တောင်းတယ်လို့လည်း နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။




