ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့က အခုသင်္ကြန်လေးရက်တာကာလအတွင်းမှာ လူပေါင်းရှစ်ထောင်ကျော်ကို စတုဒိသာတွေလှုဒါန်းခဲ့တယ်လို့သိရပါတယ်။ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဟာ သင်္ကြန်ပွဲတော်ကာလအတွင်း ရွှေတိဂုံဘုရားအနောက်ဘက်မုခ်ရှိ ယာဉ်ရပ်နားကွင်းမှာ စတုဒိသာတွေ ကျွေးမွေးလှူဒါန်းခဲ့တာပါ။

သင်္ကြန်အတက်နေ့ဖြစ်တဲ့ ဧပြီ ၁၆ ရက်မှာလည်း လူဦးရေ ၂၀၀၀ ကျော်ကို သီးစုံဒံပေါက်စတုဒိသာတွေလှူဒါန်းခဲ့ ပါတယ်။ အဲဒီ စတုဒိသာလှုဒါန်းပွဲကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနဲ့ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ ဇနီးတွေ တက်ရောက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ကို အလှူငွေကျပ်သိန်း ၅၀ လှူဒါန်းခဲ့တယ်လို့လည်းသိရပါတယ်။

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့က သင်္ကြန်(၄)ရက်တာကာလအတွင်း ရွှေရင်အေး၊ ကြက်ဆီထမင်း၊ ကြာဇံကြော်နဲ့ သီးစုံဒံပေါက် အစရှိတဲ့ စတုဒိသာတွေကို ကျွေးမွေးလှုဒါန်းခဲ့ကြတာဖြစ်ပါတယ်။ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့အနေနဲ့ သင်္ကြန်ကာလအတွင်း စတုဒိသာကျွေးမွေးလှူဒါန်းမှုတွေကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့ရာ လက်ရှိအကြိမ်နဲ့ဆိုရင် (၄)ကြိမ်မြောက်ရှိပြီဖြစ်တယ်လို့လည်းသိရပါတယ်။




