ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာ ကျင်းပနေတဲ့ မဟာသင်္ကြန် ပွဲတော်ကို သင်္ကြန်အကျနေ့ဖြစ်တဲ့ ဧပြီ၁၄ရက်မှာ လာရောက်လည်ပတ်ရေကစားကြသူတွေ ပိုမိုများပြားတာကို တွေ့ရပါတယ်။ပြည်သူ့ရင်ပြင်မှာ လမ်းလျှောက်သင်္ကြန်နဲ့ ဖျော်ဖြေရေးမဏ္ဍပ်အပါအဝင် ရန်ကုန်တိုင်းဒေသကြီးရှိ ဝန်ကြီးဌာနပေါင်းစုံက စီစဉ်တဲ့ မဏ္ဍပ်ပေါင်း ၁၀ ခု ကျော်ရှိတာပါ။

ပြည်သူ့ရင်ပြင်မှာ သင်္ကြန်အကြိုနေ့ကထက် အကျနေ့မှာ ပိုမိုစည်းကားတယ်လို့ ပွဲတော်ကျင်းပရေးတာဝန်ရှိသူတချို့ရဲ့ ပြောကြားချက်အရ သိရပါတယ်။ပြည်သူ့ရင်ပြင် သင်္ကြန်ပွဲတော်မှာ နာမည်ကျော်တေးသံရှင်၊ အနုပညာရှင်တွေရဲ့ တေးသီချင်းတွေနဲ့ ဖျော်ဖြေတင်ဆက်မှုတွေ၊ ယိမ်းအဖွဲ့တွေရဲ့ ယိမ်းအကအလှနဲ့ ဖျော်ဖြေတင်ဆက်မှုတွေအပြင် လမ်းလျှောက်သင်္ကြန်နဲ့ စတုဒိသာကျွေးမွေးလှူဒါန်းမှုတွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် ဝန်ကြီးဌာန မဏ္ဍပ်တွေမှာလည်း လာရောက်လည်ပတ်သူတွေရေပက်ဆော့ကစားလို့ရအောင် ရေပိုက်တွေကို အဆင်သင့်ထားရှိပေးထားတယ်လို့လည်း သိရပါတယ်။အခု၂၀၂၆ခုနှစ် သင်္ကြန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းက ခရိုင်၊ မြို့နယ်အသီးသီးမှာလည်း စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ ကျင်းပနေတာဖြစ်ပါတယ်။




