ပြည်သူတွေ ကြုံတွေ့နေရတဲ့ စီးပွားရေးကျပ်တည်းတာ၊ ကုန်ဈေးနှုန်းကြီးမြင့်တာနဲ့ အလုပ်အကိုင်အခွင့်အလမ်း လိုအပ်ချက် ရှိနေတာတွေကို ပြေလည်အောင်ဖော်ဆောင်ပြီး နိုင်ငံနဲ့ကိုက်ညီတဲ့ ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်မှာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။
ဧပြီ ၁၀ ရက်က ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုပြီးနောက် ပထမဆုံး ပြောကြားတဲ့ မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

အဓိကအချက်ကတော့ ကုန်ထုတ်လုပ်မှု အားနည်းနေတာဖြစ်ပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနဲ့ တောင်သူလယ် သမားတွေရဲ့ ဘဝမြှင့်တင်ရေးဟာ အဓိကကျတဲ့ ဦးစားပေး လုပ်ငန်းစဉ် ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။နိုင်ငံ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်ဒေသတွေမှာ နေထိုင်ကြတာဖြစ်ပြီး တောင်သူလယ်သမားတွေ ဘဝ မြှင့်တင်ဖို့နဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီမံဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ထိရောက်တဲ့ ရှေရည်စီမံကိန်းတွေကို ရေးဆွဲပြီး ဈေးကွက်စီးပွားရေးကို ဆက်လက်ကျင့်သုံးကာ ပြည်သူလူထု တစ်ရပ်လုံးရဲ့ အသက်မွေးဝမ်းကျောင်းကို မြှင့်တင်ဖို့နဲ့ လူမှုစီးပွားဘဝ မြှင့်တင်နိုင်ဖို့အတွက် ကြိုးစားလုပ်ဆောင် သွားမှာ ဖြစ်တယ်လို့လည်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။




