တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ပထမပုံမှန်အစည်းအဝေး၊ သတ္တမနေ့ကို ဧပြီလ ၁၀ရက် မနက် ၁၀ နာရီက မုံရွာမြို့ရှိ လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့က ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်မှာ လက်မှတ်ရေးထိုးကြပါတယ်။အစည်း အဝေးကို တက်ရောက်ခွင့်ရှိတဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၈၅ ယောက် ရှိတဲ့အနက် ခွင့် တိုင်ကြားသူ (၄) ယောက်ရှိကာ စုစုပေါင်း(၈၁) ယောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အစည်းအဝေးမှာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစိုးရရဲ့အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနဲ့ စက်မှု၊ လက်မှု၊ စွမ်းအင်နှင့်လျှပ်စစ်ဆိုင်ရာကော်မတီတို့ ဖွဲ့စည်းမှုနဲ့ ကော်မတီရဲ့ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့ကို လွှတ်တော်ရဲ့ အတည်ပြုချက်ရယူရာ ဆွေးနွေးလိုတဲ့ လွှတ်တော် ကိုယ်စား လှယ် တစ်ယောက်မှမရှိတဲ့အတွက် လွှတ်တော်က သဘောတူအတည်ပြုကာ ကော်မတီကို ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါတယ်။

ဆက်လက်ပြီး လွှတ်တော်ဥက္ကဌရဲ့ ရှေ့မှောက်မှာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးကိုလေးက ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာမှာ လက်မှတ်ရေးထိုးကာ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းရင်း သားရေးရာဝန်ကြီးတွေနဲ့ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးတွေ၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ အပါအဝင် စုစုပေါင်း (၁၆) ယောက်က ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာမှာ လက်မှတ်ရေးထိုး ကြပါတယ်။အဲဒီနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားကာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌက တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ရပ်နား ကြောင်းနဲ့ ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာပြီးဆုံးကြောင်း ကြေညာခဲ့ပါတယ်။




