တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ်လ ၁၈ ရက်၊ မနက် ၁၀ နာရီမှာ စတင်ကျင်းပပါတယ်။အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့မှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတို့ကို ရွေးကောက်တင်မြှောက်နိုင်ရေးအတွက် သဘာပတိတင်မြှောက်တာ၊ သဘာပတိ ကတိသစ္စာပြုတာနဲ့ ကတိသစ္စာ ပြုလွှာပေါ်မှာ လက်မှတ်ရေးထိုးတာ၊ သဘာပတိနှုတ်ခွန်းဆက် စကားပြောကြားတာ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ ကတိသစ္စာပြုတာနဲ့ ကတိသစ္စာပြုလွှာပေါ်မှာ လက်မှတ်ရေးထိုးတာ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌတို့ကို ရွေးကောက်တင်မြှောက်တာ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတို့ သဘာပတိရှေ့မှောက်မှာ ကတိသစ္စာပြုတာနဲ့ ကတိသစ္စာပြုလွှာပေါ်မှာ လက်မှတ်ရေးထိုးတာ၊ သဘာပတိက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကို တာဝန်လွှဲအပ်တာနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားတာတွေ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

တတိယအကြိမ် အမျိုးသားလွှတ်တော်မှာ ပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတဲ့ FPTP နဲ့ PR လွှတ် တော်ကိုယ်စားလှယ် (၁၅၇)ယောက်နဲ့ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၅၆)ယောက် စုစု ပေါင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၂၁၃)ယောက် ရှိပါတယ်။ရွေးကောက်ပွဲကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော် FPTP နဲ့ PR မဲဆန္ဒနယ် (၁၅၇) နေရာအနက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက (၁၀၈)နေရာနဲ့ အများဆုံး ရွေးကောက်တင်မြှောက်ခံထားရတာပါ။ဒါ့အပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက (၁၆)နေရာ၊ ပြည်သူ့ပါတီနဲ့ မွန်ညီညွတ်ရေးပါတီက (၅) နေရာစီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ဇိုမီးအမျိုးသားပါတီတို့က (၃)နေရာစီ၊ ပအိုဝ်းအမျိုးသား အဖွဲချုပ်(PNO)ပါတီက (၂)နေရာ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ နာဂအမျိုးသားပါတီ၊ ရခိုင်တိုင်းရင်းသားများပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံဖြိုးတိုးတက်ရေးပါတီ၊ ကယားပြည်နယ် ပြည်သူ့ ပါတီ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ပအိုဝ်းအမျိုးသား ညီညွတ်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ အမျိုးသား အကျိုးစီးပွားတိုးတက်ရေးပါတီနဲ့ “ဝ” အမျိုးသားပါတီတို့က တစ်နေရာစီ ရွေးကောက်တင်မြှောက် ခံထားရတာ ဖြစ်ပါတယ်။




