အီရန်နိုင်ငံရဲ့ ရေနံဗဟိုချက်ဖြစ်တဲ့ ခါ့ဂျ်ကျွန်းရှိ စစ်ရေးပစ်မှတ်တွေကို ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်က အမေရိကန် တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ကြောင်း Reuters သတင်းမှာဖော်ပြထားပါတယ်။

လူမှုကွန်ရက်ပို့စ်တစ်ခုမှာထရမ့်က ရေနံအခြေခံအဆောက်အအုံကို မပျက်စီးစေဘဲ ခါ့ဂျ်ရှိ စစ်ရေးပစ်မှတ်တိုင်းကို လုံးဝဖျက်ဆီးခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။ အီရန်အနေနဲ့ ဟောမုဇ် ရေလက်ကြားရှိ သင်္ဘောအသွားအလာအများစုကို ရပ်တန့်စေမဲ့ တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်မယ်ဆိုရင် နိုင်ငံအတွင်းရှိ ရေနံအခြေခံအဆောက်အအုံကို တိုက်ခိုက်မယ်လို့လည်း ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

ဒါ့အပြင် အီရန်အနေနဲ့ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်နိုင်စွမ်းမရှိကြောင်း ထရမ့်က ထပ်လောင်းပြောကြားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာ သမိုင်းမှာအကြီးမားဆုံး ရေနံထောက်ပံ့မှုကို ပြတ်တောက်စေမှုလို့ ခေါ်ဆိုတဲ့ အရာနဲ့ ရင်ဆိုင်နေရတဲ့ ဈေးကွက်တွေကို ပိုမိုလှုပ်ခါစေနိုင်တဲ့သတိပေးချက်တစ်ခုလည်းဖြစ်ပါတယ်။



