စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဒေါနခြံရပ်၊ ကန်သာယာ တောင်ဘက် ပတ်လမ်းမှာ ကန်သာယာ ညဈေး (Night Market) ကို မတ် ၈ ရက်၊ ညနေပိုင်းက ဖွင့်လှစ်လိုက်ပါတယ်။အဲဒီ ညစျေးကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်သူရ၊ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့် နဲ့ မုံရွာခရိုင် စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးတင့်ဇော် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့တာပါ။

ညဈေးမှာတော့ စျေးဆိုင်ပေါင်း ၁၁၀ လောက်က ခင်းကျင်းရောင်းချပေးမှာ ဖြစ်တဲ့အပြင် ဖျော်ဖြေရေး အစီအစဉ် တွေပါ ဆောင်ရွက်ပေးမှာ ဖြစ်လို့ နေ့ပိုင်း မအားလပ်သူတွေ၊ ဝန်ထမ်းတွေ၊ ညပိုင်း အပန်းဖြေလိုသူတွေ အနေနဲ့ တေးသီချင်းတွေနဲ့အတူ စားသောက်ကုန်တွေကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။မုံရွာမြို့မှာရှိတဲ့ ချင်းတွင်းရတနာစျေး၊ သာစည်စျေး၊ ဗန္ဓုလစျေး နဲ့ အောင်ချမ်းသာစျေး စတဲ့ စျေးတွေဟာ ဒေသ ထွက်ကုန်တွေ၊ စားသောက်ကုန်တွေ၊ အဝတ်အထည်တွေကို နေ့ဘက်မှာသာ ဖွင့်လှစ်ရောင်းချတဲ့အတွက် နေ့ပိုင်း မှာ အလုပ်လုပ်နေသူတွေ၊ ဝန်ထမ်းတွေနဲ့ နေ့ပိုင်းမအားလပ်သူတွေအတွက် စျေးဝယ်ယူဖို့ အခက်အခဲ ဖြစ်ပေါ် တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ မတ် ၆ ရက်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်၊ ကျောက္ကာလမ်းမှာ မော်တော် ယာဉ်ရောင်းဝယ်ရေးစင်တာ ဖွင့်လှစ်ခဲ့ပါသေးတယ်။




