ဝက်တွေမှာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတတ်တဲ့ ကူးစက်မြန်ရောဂါတစ်ခုဖြစ်တဲ့ အာဖရိကဝက်အပြင်းဖျားရောဂါ နဲ့ပတ်သက်လို့ ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေ ကြိုတင်သတိပြုနိုင်ဖို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အသိပေးနှိုးဆော်ချက် ထုတ်ပြန်ပါတယ်။အာဖရိက ဝက်အပြင်းဖျားရောဂါဟာ ဝက်တွေမှာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားတတ်တဲ့ ကူးစက်မြန်ရောဂါတစ်ခု ဖြစ်ပြီး အဲဒီရောဂါဟာ လူကို လုံးဝကူးစက်တာမျိုးမရှိဘဲ မိမိတို့မွေးမြူထားတဲ့ဝက်တွေကို ရောဂါဖြစ်ပွား ကျရောက်တာကနေ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ချက် ထုတ်ပြန်တာဖြစ်တယ်လို့ ဆိုပါ တယ်။

ဝက်မွေးမြူရေးခြံတွေရဲ့ ဇီဝလုံခြုံမှုကို အထူးဂရုပြု မြှင့်တင်ဖို့၊ ဝက်ခြံတွေမှာ စနစ်တကျ ပိုးသတ်ဆေးဖျန်းတာ ပုံမှန်ပြုလုပ်ဆောင်ရွက်ဖို့၊ ဝက်တွေကို စားသောက်ဆိုင်နဲ့အိမ်တွေက စားကြွင်းစားကျန်တွေ ကျွေးမွေးတာ မပြု လုပ်ဖို့၊ အခြားခြံက အသုံးအဆောင်ပစ္စည်းတွေ ငှားရမ်းသုံးစွဲတာ မပြုလုပ်ဖို့နဲ့ လူအဝင်အထွက် ထိန်းချုပ်ကန့် သတ်ဖို့တွေ လုပ်ဆောင်ဖို့ အသိပေးနှိုးဆော်ထားပါတယ်။ဒါ့အပြင် အသက်အရွယ်တူ ဝက်တွေကိုသာ အတူတူမွေးမြူဖို့၊ ဝက်ခြံတွေအပူချိန်၊ စိုထိုင်းဆ၊ လေဝင်လေထွက် ကောင်းမွန်စေရေးဆောင်ရွက်ဖို့၊ ရောဂါကင်းရှင်းကြောင်း စိတ်ချရတဲ့ခြံက ဝက်တွေကို ဝယ်ယူမွေးမြူဖို့၊ ဝယ်ယူ တဲ့ဝက်တွေကို မိမိခြံရှိ ဝက်တွေနဲ့အတူ ထည့်သွင်းမွေးမြူတာ မပြုမီ သီးသန့်ခွဲခြားထားပြီး ရောဂါကင်းရှင်းမှ မွေးမြူဖို့ကိုလည်း အသိပေးထားပါတယ်။

ပြည်ပကတရားမဝင် တင်သွင်းလာတဲ့ ဝက်အရှင်နဲ့ ဝက်ထွက်ပစ္စည်းတွေဖြစ်တဲ့ ဝက်သား၊ အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနဲ့ အခြားဝက်ထွက် ပစ္စည်းတွေတင်သွင်းတာ၊ ရောင်းချတာ၊ စားသုံးတာ မပြုလုပ်ဖို့၊ တောဝက်နဲ့ အိမ်မွေးဝက်တွေ ရောနှောထိတွေ့တာ မရှိစေဖို့ အိမ်မွေးဝက်တွေကို ခြံလှောင်စနစ်နဲ့ မွေးမြူဖို့ကိုလည်း အသိပေးထားပါတယ်။တောဝက်နဲ့ အိမ်မွေးဝက်တွေ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးရင် နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်ထံကို ချက်ချင်းသတင်းပို့ဖို့ လိုအပ်သလို ရောဂါကြို တင်ကာကွယ်ရေးနဲ့ ရောဂါစူးစမ်းရှာဖွေတဲ့လုပ်ငန်းတွေမှာ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့နဲ့ ညွှန်ကြားချက်တွေကိုလည်း လိုက်နာဆောင်ရွက်ဖို့ အသိပေးထားပါတယ်။




