(၂၀၂၅-၂၀၂၆)ပညာသင်နှစ်မှာ မြို့နယ်တွေရှိ KG ကျောင်းသား၊ ကျောင်းသူ(၅)သိန်းခန့်ကို ကျောင်းတွင်း အာဟာရကျွေးမွေးခြင်း(၈)ကြိမ် ဆောင်ရွက်နိုင်ဖို့အတွက် ရန်ပုံငွေ ကျပ်(၅ ဒသမ ၇၈)ဘီလီယံ ခွဲဝေချထားတယ် လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရုံးအမှတ်(၄၇) အစည်းအဝေးခန်းမမှာပြုလုပ်တဲ့ ကျန်းမာ ရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာနခွဲက ကျောင်းတွင်းအာဟာရ ကျွေးမွေး ရေး အလုပ်ရုံဆွေးနွေးပွဲမှာ အခုလို ပြောကြားခဲ့တာပါ။ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်ကလည်း ကျောင်းတွင်းအာဟာရ ကျွေးမွေး တဲ့လုပ်ငန်းကို မြို့နယ်တွေရှိ KG ကျောင်းသား၊ ကျောင်းသူ(၅)သိန်းခန့်အတွက် ရန်ပုံငွေ ကျပ် (၂ ဒသမ ၁၇) ဘီလီယံနဲ့ စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ကျောင်းတွင်းအာဟာရကျွေးမွေးတာကို ကျောင်းသား၊ ကျောင်းသူအရွယ်ကစတင်ကာ နိုင်ငံသားတိုင်း ကျန်းမာ ကြံ့ခိုင်၊ အာဟာရပြည့်ဝပြီး နိုင်ငံတော်ရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေဖို့နဲ့ ကျောင်းသား လူငယ်တွေကတစ်ဆင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံတွေကို ပြည်သူလူထုအတွင်း ရောက်ရှိစေဖို့ ရည်ရွယ်ပြီး အခုလို လုပ်ဆောင်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံတော်က ပံ့ပိုးမတည်မှုအပြင် အစာအမျိုးအမည်စုံလင်စွာပါဝင်တဲ့ စံပြုအစားအစာ နမူနာပုံစံတွေအတိုင်း အကြိမ်ရေတိုးမြှင့်ကျွေးမွေးနိုင်ဖို့ မိဘပြည်သူတွေ ပူးပေါင်းပါဝင်လာစေရေးအတွက် စည်းရုံးဆောင်ရွက်ပေးစေ လိုတယ်လို့လည်း ပြောကြားခဲ့ပါတယ်။




