နေပြည်တော်၊ ပုဗ္ဗသီရိမြို့မှာရှိတဲ့ ပေ ၂၀၀ ပတ်လည် မြေကွက် ၇၂ ကွက်ကို ဈေးပြိုင်စနစ်နဲ့ လေလံတင် ရောင်းချ သွားမယ်လို့ နေပြည်တော် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။

မြေကွက်ဝယ်ယူချင်သူတွေအနေနဲ့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနမှာ လျှောက်ထားရမှာဖြစ်ပြီး လျှောက်လွှာတစ်စောင်ကို ကျပ်တစ်သိန်း သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ မြေကွက်တစ်ကွက်ကို လေလံ အာမခံကြေးအဖြစ် ကျပ်သိန်း ၂၀၀၀ ကို လျှောက်လွှာနဲ့အတူ တစ်ပါတည်း ပေးသွင်းရမှာဖြစ်ပြီး မြေကွက်တန်ဖိုးကတော့ လေလံပွဲကျင်းပတဲ့နေ့မှာ ဈေးပြိုင်စနစ်နဲ့ လေလံတင်ရောင်းချမှာ ဖြစ်လို့ မသိနိုင်သေးဘူးလို့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

လူတစ်ယောက်ကို မြေကွက်တစ်ကွက်သာ ဝယ်ယူခွင့်ရရှိမှာဖြစ်ပြီး လေလံမအောင်တဲ့သူတွေကတော့ ပေးသွင်း ထားတဲ့ လေလံအာမခံကြေး ကျပ်သိန်း ၂၀၀၀ ကို လေလံပွဲ ကျင်းပအပြီး ၁၄ ရက်အတွင်းမှာ ပြန်ထုတ်ယူခွင့် ပြုမယ်လို့ ဆိုပါတယ်။မြေကွက်ဝယ်ယူချင်သူတွေအနေနဲ့ လျှောက်လွှာပုံစံတွေကို ဇန်နဝါရီ ၁၅ ရက်မှာ ရောင်းချပေးခဲ့ပြီး ဇန်နဝါရီ ၃၀ ရက်မှာ လျှောက်လွှာပုံစံတင်သွင်းတာ ပိတ်မှာဖြစ်ပါတယ်။ဈေးပြိုင်စနစ်နဲ့ လေလံတင်ရောင်းချမဲ့ လေလံပွဲကိုတော့ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ မင်္ဂလာ ခန်းမမှာ လာမဲ့ ဖေဖော်ဝါရီ ၆ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။




