ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ အာဖရိကတိုက်ရှိ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့အမှုနဲ့ပတ်သက်လို့ ကြားနာမှုကို ဇန်နဝါရီ ၁၂ ရက်က စတင် နေပြီ ဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့က ICJ မှာ ပြုလုပ်တဲ့ကြားနာပွဲကို မြန်မာနိုင်ငံဘက်က နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေပါတယ်။

ကြားနာမှု ပထမပိုင်းအနေနဲ့ ဂမ်ဘီယာဘက်က ဇန်နဝါရီ ၁၂ ရက်ကနေ ၁၅ ရက်အထိ လျှောက်လဲရမှာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ ဇန်နဝါရီ ၁၆ ရက်ကနေ ၂၀ ရက်အထိ တစ်ကြိမ်၊ ဇန်နဝါရီ ၂၈ ရက်ကနေ ၂၉ ရက်အထိ တစ်ကြိမ် လျှောက်လဲရမှာဖြစ်တယ်လို့ သိရပါတယ်။အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ မြန်မာနိုင်ငံရဲ့ အမှန်တရားနဲ့ တရားမျှတမှုအတွက် မြန်မာကိုယ်စားလှယ် အဖွဲ့ရဲ့ ကြိုးပမ်းမှုတွေကို အပြည့်အဝထောက်ခံအားပေးတယ်လို့ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။




