ပြည်သူလူထုဘဝ အေးချမ်းသာယာမှု နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရှိစေဖို့ အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် PR မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ်လောင်း လက်ရှိ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောပါတယ်။

ဒီဇင်ဘာ ၁၃ ရက်က အိမ်မဲမြို့၊ ရွှေလင်းယုန်အားကစားခန်းမမှာ ကျင်းပတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီဝင်တွေနဲ့ တွေ့ဆုံပွဲမှာ အခုလို ပြောကြားခဲ့တာပါ။အိမ်မဲမြို့နယ် ဒေသခံတွေအနေနဲ့ စိုက်ပျိုး မွေးမြူရေး နဲ့ ရေလုပ်ငန်းတွေကို စီးပွားဖြစ် တိုးမြှင့်လုပ်ကိုင်လာနိုင်အောင် ဘက်စုံ မူဝါဒတွေ ချမှတ်ပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင် က ပြောပါတယ်။ဒေသခံတွေအနေနဲ့ ကြွေးမြီကင်းရှင်းရေးအတွက်လည်း အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ကတိပြုတယ် လို့ လည်း ဆိုပါတယ်။ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ပြည်သူလူထုရဲ့ တာဝန်ပေးအပ်မှုနဲ့ ပြည်သူကိုယ်စား လွှတ်တော်ထဲမှာ နိုင်ငံတော်အစိုးရကို တင်ပြဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့လည်း ဦးမြင့်ကြိုင် က ပြောပါတယ်။

တွေ့ဆုံပွဲမှာတော့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်မဲ့ အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော် FPTP ကိုယ်စား လှယ်လောင်း ဦးတင်ဦး၊ အမျိုးသားလွှတ်တော် FPTP ကိုယ်စားလှယ်လောင်း ဦးထိန်လင်း၊ အမျိုးသား လွှတ်တော် PR ကိုယ်စားလှယ်လောင်း ဦးပြုံးချို၊ တိုင်းဒေသကြီးလွှတ်တော် FPTP ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဝင်း၊ တိုင်း ဒေသကြီးလွှတ်တော် PR ကိုယ်စားလှယ်လောင်း ဦးစိုးနိုင် တို့က မိတ်ဆက်စကားတွေ ပြောကြားပါတယ်။အဲဒီနောက် အမျိုးသားလွှတ်တော် ကိုယ် စားလှယ်လောင်း ဦးမြင့်ကြိုင်က နိဂုံးချုပ် အမှာစကား ပြောကြားပြီးနောက် ကြွေးကြော်သံတွေ နဲ့ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။တွေ့ဆုံပွဲကိုတော့ ပါတီဝင် အင်အား (၈၀၀) လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် PR မဲဆန္ဒနယ် အမှတ် (၁) မှာတော့ ကျုံပျော်၊ ပုသိမ်၊ မြောင်းမြ နဲ့ လပွတ္တာ ခရိုင်တွေ ပါဝင်ပြီး မြောင်းမြခရိုင်ထဲမှာတော့ အိမ်မဲ မြို့နယ် ပါဝင်ပါတယ်။




