လက်ဖက်ယဉ်ကျေးမှုကို ယူနက်စကိုရဲ့လူသားမျိုးနွယ်ဆိုင်ရာ ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းနိုင်ဖို့အတွက် စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက သိရ ပါတယ်။ဒီလိုတင်သွင်းနိုင်ဖို့အတွက် ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ(၁၀)ရက်က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန လောကနတ်အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါတယ်။

အစည်းအဝေးမှာ မြန်မာနိုင်ငံလက်ဖက်အသင်းအနေနဲ့ Consent Letter and Video ၊ Statement Letter and Video တွေ ရယူနိုင်ရေးဆောင်ရွက်ရမဲ့ ကိစ္စရပ်တွေ၊ တင်သွင်းမဲ့ခေါင်းစဉ်အနေနဲ့ လက်ဖက်စိုယဉ်ကျေးမှု လျာထားသတ်မှတ်ထားမှုအခြေအနေတွေနဲ့ အဲဒီခေါင်းစဉ် တင်သွင်းဖို့အတွက် ဖော်ပြသင့်တဲ့ ခေါင်းစဉ်အမည် တွေကို အကြံပြုဆွေးနွေးခဲ့ကြပါတယ်။မြန်မာနိုင်ငံအနေနဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကို လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းအဖြစ် တင်သွင်းနိုင်ရေးအတွက် ၂၀၀၃ ကွန်ဗင်းရှင်းမှာ အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၁၄ ခုနှစ်မှာ လက်မှတ်ရေး ထိုးခဲ့တာပါ။

လူသားမျိုးနွယ်ဆိုင်ရာ ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် တင်သွင်းမယ်ဆိုရင် တင်သွင်းမဲ့ ဒြပ်မဲ့ယဉ် ကျေးမှုအမွေအနှစ်ဟာ အမျိုးသားအဆင့် စာရင်းဝင်ရမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ လက်ဖက်ယဉ်ကျေးမှုကို ယူနက်စကိုတင်သွင်းဖို့အတွက် မြန်မာနိုင်ငံလက်ဖက်အသင်း(ရန်ကုန်) နဲ့ ပူးပေါင်းပြီး ယူနက်စကိုသတ်မှတ်ပုံစံဖောင်ကို ဖြည့်သွင်းနေတယ်လို့ သိရပါတယ်။




