သဲဖြူဆရာတော်ကြီးက ဦးဆောင်ပြီး ဆရာတော်ကြီးရဲ့ ဒကာ၊ ဒကာမတွေရဲ့ အလှူနဲ့ မွန်ပြည်နယ်၊ မော်လမြိုင် မြို့ရှိ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာ လာမဲ့ ဒီဇင်ဘာ ၁၆ ရက်ကစပြီး နှာခေါင်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်တွေ ကို အခမဲ့ ခွဲစိတ်ကုသပေးသွားမှာ ဖြစ်တယ်လို့ ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကနေ သိရပါတယ်။

မော်လမြိုင် ပြည်သူ့ဆေးရုံကြီးမှာ နှာခေါင်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်တွေကို ဒီဇင်ဘာ ၁၆ ရက်ကနေစပြီး ၁၈ ရက်အထိ ၃ ရက်ကြာ ခွဲစိတ်ကုသပေးသွားမှာဖြစ်ပြီး စာရင်းပေးတဲ့ လူအရေအတွက်ပေါ် မူတည်ကာ ရက်ထပ်တိုး ကာ ခွဲစိတ်ကုသပေးသွားမယ်လို့ ဆိုပါတယ်။ဆင်းရဲနွမ်းပါးပြီး ကုသမှုခံယူလိုတဲ့ နှာခေါင်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင် ဘယ်သူမဆို မော်လမြိုင် ပြည်သူ့ဆေးရုံ ကြီးမှာ လာရောက် အခမဲ့ ခွဲစိတ်ကုသနိုင်ပြီး ခွဲစိတ်ကုသပေးတာကိုလည်း လူဦးရေ အရေအတွက် ကန့်သတ်ထား တာ မရှိဘူးလို့ ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘိုဘိုဝင်းက ပြောပါတယ်။

သဲဖြူဆရာတော်ကြီး ဦးဆောင်မှုနဲ့ ပထမအကြိမ်အဖြစ် ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်ကနေ ၃၀ ရက်အထိ မော်လမြိုင် မြို့နယ်အတွင်းက မျက်စိဝေဒနာရှင် အယောက်(၅၀၀)ကျော်ကို အခမဲ့ ခွဲစိတ်ကုသပေးခဲ့ပြီး အခုအခါ ဒုတိယ အကြိမ်အဖြစ် အခမဲ့ ခွဲစိတ်ကုသပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။




