သဘာဝဩဂဲနစ်၊ GAP၊ သဘာဝနည်းစနစ်နဲ့ စိုက်ပျိုးထုတ်လုပ်ထားတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေနဲ့ ထုတ်ကုန်တွေကို ရောင်းချပေးနေတဲ့ Safe Food From Safe Farm Marketကို စက်တင်ဘာလကစပြီး အပတ်စဉ်စနေ၊ တနင်္ဂနွေနေ့တိုင်း မနက်(၆)နာရီခွဲကနေ မွန်းလွဲ၂နာရီအထိ ရန်ကုန်မြို့ရှိ မြေပဒေသာကျွန်းမှာ ရောင်းချပေးနေပါတယ်။

Safe Food From Safe Farm Marketကို မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက ကြီးမှူးပြီး ဖွင့်လှစ်ရောင်းချပေးနေတာပါ။ဩဂဲနစ်စိုက်ပျိုးတဲ့ တောင်သူတွေအတွက် ဈေးကွက်ဖော်တဲ့အနေနဲ့ အခုလိုရောင်းချပေးရတာဖြစ်တယ်လို့ မြန်မာနိုင်ငံ သစ်သီးဝလံ၊ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးတင်အောင်က ပြောပါတယ်။

Safe Food From Safe Farm Marketမှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ လတ်လတ်ဆတ်ဆတ်တွေကို ရောင်းချပေးနေသလို့ သီးနှံတွေက ပြန်လည်ထုတ်လုပ်တဲ့ MSME ထုတ်ကုန်တွေကိုလည်း ဈေးကွက်ဖော်ထုတ်နိုင်အောင်ရောင်းချပေးနေတာ ဖြစ်ပါတယ်။ Safe Food From Safe Farm Market ကို (၂၀၁၃)ခုနှစ်ကတည်းကစတင်ဖွင့်လှစ်ရောင်းချပေးခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ကာလနောက်ပိုင်းပိတ်ထားခဲ့ရာကနေ အခုနှစ်မှာမှ ပြန်လည်ဖွင့်လှစ်ရောင်းချတာဖြစ်တယ်လို့ သိရပါတယ်။




