ဘက်ထရီလျှပ်စစ်စက်ခေါင်းနဲ နေပြည်တော်-မန္တလေး လေအိတ်ရထား စတင်ပြေးဆွဲတဲ့အခမ်းအနားကို နိုဝင်ဘာ ၂၂ရက် နေ့လယ်ပိုင်းက နေပြည်တော်ဘူတာကြီးမှာ ကျင်းပပါတယ်။အခမ်းအနားကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနဲ့ တာဝန်ရှိသူတွေ တက်ရောက်ဖွင့်လှစ်ပေးခဲ့တာပါ။

အခုလို ပြည်တွင်းထုတ်ဘက်ထရီလျှပ်စစ်ခေါင်းတွေနဲ့ ပြေးဆွဲနိုင်တာဟာ မြန်မာ့မီးရထားရဲ့ သမိုင်းမှာ မှတ်တိုင်တစ်ခုအဖြစ် ပေါ်ထွန်းလာတာဖြစ်တယ်လို့ ဦးမြထွန်းဦးက ပြောပါတယ်။ဖွင့်ပွဲအခမ်းအနားအပြီးမှာတော့ ပြည် ထောင်စုဝန်ကြီးနဲ့ တာဝန်ရှိသူတွေဟာ အမှတ်(၂၇)အဆန် နေပြည်တော်-မန္တလေး လေအိတ်ရထားနဲ့လိုက်ပါမဲ့ ခရီးသွားပြည်သူတွေကို အမှတ်တရလက်ဆောင်တွေ ပေးအပ်ခဲ့ပါတယ်။အခု ဘက်ထရီလျှပ်စစ်စက်ခေါင်း၊ လေအိတ်တွဲဆိုင်းတွေနဲ့ ပြေးဆွဲပေးမဲ့ အမှတ်(၂၇)အဆန် လေအိတ်ရထားဟာ နေပြည်တော်ဘူတာကနေ နေ့လယ် ၁၂ နာရီမှာ စတင်ထွက်ခွာပြီး မန္တလေးဘူတာကို ညနေ ၅ နာရီမှာ ဆိုက် ရောက်မှာ ဖြစ်ပါတယ်။

အမှတ်(၂၈)အစုန်ရထားကတော့ မန္တလေးဘူတာကနေ မနက် ၆ နာရီမှာ စတင်ထွက်ခွာမှာဖြစ်ပြီး နေပြည်တော် ဘူတာကို မနက် ၁၁ နာရီမှာ ဆိုက်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်ကို ဆက်လက်လိုက်ပါလိုတဲ့ ခရီးသည်တွေအနေနဲ့ နေပြည်တော်ဘူတာကနေ နေ့လယ် ၁၂ နာရီမှာ စတင်ထွက်ခွာတဲ့ အမှတ်(၈)အစုန် နေပြည်တော်-ရန်ကုန် DEMU ရထားနဲ့ ဆက်လက်လိုက်ပါနိုင်ပြီး ရန်ကုန်ကို ညနေ ၅ နာရီခွဲမှာ ဆိုက်ရောက်မှာဖြစ်ပါတယ်။ဒါ့အပြင် ရန်ကုန်ကနေ မနက် ၆ နာရီမှာထွက်ခွာတဲ့ အမှတ်(၃၁)အဆန် ရန်ကုန်-နေပြည်တော် DEMU ရထားနဲ့ လိုက်ပါလာတဲ့ ခရီးသည်တွေအနေနဲ့လည်း မန္တလေးကို ဆက်လက်လိုက်ပါလိုရင် နေပြည်တော်ဘူတာကနေ နေ့လယ် ၁၂ နာရီမှာ ထွက်ခွာမဲ့ အမှတ်(၂၇)အဆန် နေပြည်တော်-မန္တလေး လေအိတ်ရထားနဲ့ ချိတ်ဆက်လိုက်ပါ စီးနင်းနိုင်တယ်လို့ သိရပါတယ်။

အခုပြေးဆွဲမဲ့ အမှတ်(၂၇)အဆန်/(၂၈)အစုန်လေအိတ်ရထားမှာ ရိုးရိုးတန်းလေအိတ်လူစီးတွဲနှစ်တွဲ၊ အဲကွန်းပါတဲ့ အထက်တန်းလေအိတ်လူစီးတွဲနှစ်တွဲ၊ ဘရိတ်တွဲတစ်တွဲ စုစုပေါင်းတွဲ ၅ တွဲနဲ့ ခရီးသည် ၂၃၈ ယောက် လိုက်ပါ စီးနင်းနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။လက်မှတ်ခ နှုန်းထားတွေကတော့ ရိုးရိုးတန်းကျပ် ၁၅၀၀၀၊ အထက်တန်းကျပ် ၂၀၀၀၀ ဖြစ်ပြီး လက်မှတ်တွေကို သက်ဆိုင်ရာဘူတာတွေမှာ အထက်တန်းသုံးရက်ကြို၊ ရိုးရိုးတန်းတစ်ရက်ကြို ဝယ်ယူနိုင်ပါတယ်။ ဒါ့အပြင် MMQR စနစ်နဲ့အွန်လိုင်းကနေ ငွေပေးချေပြီး ဝယ်ယူချင်တဲ့သူတွေအနေနဲ့လည်း ၅ ရက်ကြိုတင်ကာ သက်ဆိုင်ရာ ဘူတာ တွေကို ဖုန်းဆက်ပြီး ကြိုတင်ဝယ်ယူနိုင်တယ်လို့လည်း သိရပါတယ်။ အမှတ်(၂၇)အဆန်/ (၂၈)အစုန် နေပြည်တော်-မန္တလေး-နေပြည်တော် လေအိတ်ရထားဟာ လမ်းဘူတာတွေအနေနဲ့ တပ်ကုန်း၊ ပျော်ဘွယ်၊ သာစည်နဲ့ ကျောက်ဆည်ဘူတာတွေမှာ ရပ်တန့်ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။




