ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ရိုးရာကောက်သစ်စားပွဲတော်နဲ့ ဒေသတွင်းရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်တဲ့ ယဉ်ကျေးမှုဖလှယ်ပွဲတော်ကို နိုဝင်ဘာ(၁၅)ရက်ကနေ(၁၆)ရက်အထိ (၂)ရက်ကြာ စည်ကားသိုက် မြိုက်စွာ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကချင်တိုင်းရင်းသားတွေဟာ ကောက်သစ်စားပွဲတော်ကို ကောက်ဦးစပါးပေါ်ချိန်ကာလဖြစ်တဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာ နှစ်စဉ် ကျင်းပလေ့ရှိတာပါ။ အဲဒီ “အင်လုံအင်နန်ရှား”ပွဲလို့ခေါ်ဆိုတဲ့ ရိုးရာကောက်သစ်စားပွဲနဲ့ ‘အင်စင် ခလွမ်’ခေါ် ကောက်သစ်ဦးကြိုဆိုတဲ့အခမ်းအနားတွေကို ကချင်ပြည်နယ်က နေရာအနှံ့အပြားမှာ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအရ နှစ်စဉ်ကျင်းပလေ့ရှိကြတယ်လို့ ဆိုပါတယ်။မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်း မဂျွယ်ခန်းမမှာ ကျင်းပမဲ့ ရိုးရာကောက်သစ်စားပွဲတော်ကိုတော့ ဌာနေ တိုင်းရင်း သားမျိုးနွယ်စုတွေ၊ ဌာနဆိုင်ရာတွေ၊ ဒေသခံတောင်သူတွေ အစုံအညီ တက်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေသအတွင်းရှိ ဌာနေတိုင်းရင်းသား မျိုးနွယ်စုတွေထဲက ကချင်မျိုးနွယ်စု(၆)စု၊ ရှမ်းမျိုး နွယ်စု(၅)စုနဲ့ ဗမာ၊ ကရင်၊ ရခိုင် စတဲ့ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို ထုတ်ဖော်ဖလှယ် ပြသတဲ့အနေ နဲ့ ရိုးရာအကပဒေသာဖျော်ဖြေပွဲကိုလည်း မြစ်ကြီးနားတက္ကသိုလ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ယဉ်ကျေးမှုဖလှယ်ပွဲတော်ကို ကျင်းပတာကတော့ ဒေသတွင်းတိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု ခိုင်မာ အားကောင်းစေပြီး ငြိမ်းချမ်းတဲ့ လူမှုအသိုက်အဝန်း ဖြစ်လာစေဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။




