ရထားလက်မှတ်တွေကို အွန်လိုင်းမှဝယ်ယူနိုင်ရေးနဲ့ ငွေပေးချေနိုင်ရေးစနစ်(ORTP)ကို ကြိုတင်ပြင်ဆင်ဆောင်ရွက်နေပြီး မကြာမီကာလအတွင်း ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ ပြေးဆွဲနေတဲ့ လူစီးရထားတွေအတွက် ရှေ့ပြေးစမ်းသပ်အစီအစဉ်နဲ့ ဆောင်ရွက်ပေးသွားမယ်လို့ မြန်မာ့မီးရထားက ထုတ်ပြန်ပါတယ်။အခုလိုရထားလက်မှတ်တွေကို အွန်လိုင်းကဝယ်နိုင်တော့မဲ့အပေါ် ခရီးသွားပြည်သူတွေကလည်း ဝမ်းမြောက်ဝမ်းသာကြိုဆိုကြောင်း မှတ်ချက်ပြုထားကြတာကို တွေ့ရပါတယ်။

ဒါ့အပြင် ရန်ကုန်- နေပြည်တော်- မန္တလေးလမ်းပိုင်းမှာ ပြေးဆွဲနေတဲ့ အမှတ်၇အဆန်/၈အစုန်၊ အမှတ်၃၁အဆန်/၃၂အစုန်DEMUရထားတွေနဲ့ အမှတ်၂၇အဆန်/၂၈အစုန် RBEရထားတွေနဲ့ လိုက်ပါစီးနင်းလိုတဲ့ခရီးသည်တွေအနေနဲ့ ၅ရက်ကြို Bookingပြုလုပ်နိုင်ပြီဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြချက်အရ သိရပါတယ်။ခရီးသွားမဲ့သူက အဲဒီဖုန်းနံပါတ်တွေကို ဆက်သွယ်တဲ့အခါမှာ ဖုန်းလက်ခံတဲ့မီးရထားဝန်ထမ်းက ခရီးသွားမဲ့သူရဲ့ နာမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ စီးနင်းလိုက်ပါလိုတဲ့နေ့ရက်၊ ခရီးစဉ်၊ ရထားအမှတ်နဲ့ တွဲအတန်းအစားတို့ကို မှတ်တမ်းတင်ထားရှိမှာဖြစ်ပါတယ်။
အဲဒီနောက် ခရီးသွားမဲ့ နေ့မတိုင်မီ၃ရက်အလိုမှာ မိမိဆက်သွယ်ခဲ့တဲ့ဖုန်းနံပါတ်ကို ထပ်မံဆက်သွယ်ပြီး ဖုန်းလက်ခံတဲ့ မီးရထားဝန်ထမ်းက ခရီးသွားမဲ့သူရဲ့ ခရီးစဉ်အတိုင်း ထိုင်ခုံနေရာလစ်လပ်မှုရှိရင် ခရီးသွားမဲ့သူကို Viberကနေတစ်ဆင့် လက်မှတ်ကျသင့်ငွေပမာဏနဲ့ MMQR Codeကို ပေးပို့မှာဖြစ်တယ်လို့ ဆိုပါတယ်။ခရီးသွားမဲ့သူက ဘယ်လိုOnline Paymentမျိုးနဲ့မဆို MMQRနဲ့ ငွေပေးချေနိုင်ပြီး မီးရထားဝန်ထမ်းနဲ့ ဆက်သွယ်ပြီးချိန်ကစလို့ တစ်နာရီအတွင်း ငွေပေးသွင်းပြီးဖြစ်ကြောင်း အထောက်အထားကို Screenshotနဲ့ သက်ဆိုင်ရာ မီးရထားဝန်ထမ်းရဲ့ Viberကို ပြန်လည်ပေးပို့ရမှာဖြစ်တယ်လို့ သိရပါတယ်။

ငွေပေးသွင်းပြီးကြောင်း အထောက်အထားရရှိရင် ခရီးသွားမဲ့သူဆီကို စီးနင်းလိုက်ပါရမဲ့ခရီးစဉ်အတိုင်း တွဲ/ထိုင်ခုံနံပါတ်တို့ကို ပေးပို့မှာဖြစ်ပြီး ခရီးသွားမဲ့သူက ဘူတာကို ရထားမထွက်ခွာမီ တစ်နာရီကြိုတင်လာရောက်ကာ ဘူတာလက်မှတ်ရုံမှာ ငွေပေးသွင်းပြီးကြောင်း အထောက်အထားကို ပြသပြီး ရထားလက်မှတ်တောင်းခံထုတ်ယူရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ခရီးသွားပြည်သူတွေအနေနဲ့ လက်မှတ်ခအပိုကြေးပေးရတာ၊ လက်မှတ်မှောင်ခိုဝယ်ယူရတာတွေ ကြုံတွေ့ရရင်လည်း မြန်မာ့မီးရထားကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။




