အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အခြားနျူကလီးယားအင်အားကြီးနိုင်ငံတွေတန်းတူ နျူကလီးယားလက်နက် တွေ စမ်းသပ်တာကို ချက်ချင်းပြန်လည်စတင်ဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနကို ညွှန်ကြားထားတယ်လို့ CBS သတင်းမှာ ဖော်ပြလာပါတယ်။

“ အခြားနိုင်ငံတွေက နျူကလီးယားလက်နက် စမ်းသပ်တဲ့အစီအစဉ်တွေကြောင့် အမေရိကန်လည်း နျူကလီးယား လက်နက်တွေကို တစ်ဖန်ပြန်လည် စမ်းသပ်ဖို့ ညွှန်ကြားထားပါတယ်။ အဲဒီလုပ်ငန်းစဉ်ကို ချက်ချင်းစတင်မှာ ဖြစ်တယ်လို့ ထရမ့်က တောင်ကိုရီးယားမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မတွေ့ဆုံမီ Truth Social မှာ ရေးသား ဖော်ပြခဲ့တာ ဖြစ်ပါတယ်။တစ်ဖက်မှာလည်း ရုရှားက နျူကလီးယားစွမ်းအင်သုံး စူပါတော်ပီဒိုကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပြီး စစ်ရေးလေ့လာသုံးသပ်သူတွေက အဲဒီစမ်းသပ်မှုဟာ သမုဒ္ဒရာထဲမှာ ကြီးမားတဲ့ရေဒီယိုသတ္တိကြွ လှိုင်းတွေကို ဖြစ်ပေါ်စေပြီး ကမ်းရိုးတန်းဒေသတွေကို ဖျက်ဆီးနိုင်စွမ်းရှိတယ်လို့ ပြောကြားထားပါတယ်။

ထရမ့်က ယူကရိန်း-ရုရှားအပေါ် ရပ်တည်ချက် နှစ်ခုလုံးကို ပိုမိုခိုင်မာအောင် လုပ်ဆောင်နေချိန်မှာ ပူတင်က အောက်တိုဘာ ၂၁ ရက်မှာ Burevestnik ခရုဇ်ဒုံးကျည်အသစ် စမ်းသပ်မှုနဲ့ နျူကလီးယားပစ်လွှတ်မှု လေ့ကျင့် တာတွေပြုလုပ်ပြီး နျူကလီးယားအင်အားကို လူသိရှင်ကြား ပြသခဲ့တာကြောင့် ထရမ့်က အခုလို တန်ပြန်လာ တာဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုဟာ နျူကလီးယားလက်နက်စမ်းသပ်တာကို လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ်က နောက်ဆုံး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။




