၂၀၂၁ ခုနှစ်ကနေ လက်ရှိအချိန်ထိ တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီး မအောင်မြင်တဲ့ ကျောင်းသား၊ ကျောင်းသူ ၅ သန်း လောက်ရှိပြီး နိုင်ငံတော်အတွက် ဘယ်လိုအသုံးချနိုင်မယ်ဆိုတာကို စဉ်းစားဆောင်ရွက်ဖို့ လိုတယ်လို့ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။အောက်တိုဘာ ၂၈ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

မိမိတို့နိုင်ငံမှာ အသက် ၂၅ နှစ်အထက် လူဦးရေရဲ့ ၄၆ ရာခိုင်နှုန်းလောက်ဟာ ပညာရေးအားနည်းတဲ့အတွက် ပညာရေး ကို အလေးပေးမြှင့်တင်ဆောင်ရွက်သွားဖို့ မဖြစ်မနေ လိုအပ်မှာဖြစ်ပြီး ပညာရေးအားကောင်းလာမှသာလျှင် လူသား အရင်းအမြစ်ကောင်းတွေကိုလည်း ရရှိနိုင်မှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။မိမိတို့နိုင်ငံမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ပြီး မအောင်မြင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေ များစွာရှိပြီး နိုင်ငံတော်အတွက် ဘယ်လိုအသုံးချနိုင်မယ်ဆိုတာကို စဉ်းစားဆောင်ရွက်ဖို့ လိုတာကြောင့် မိမိတို့အနေနဲ့ တာဝန်ရှိသူတွေ ပညာရှင်တွေနဲ့တိုင်ပင်ပြီး သက်ဆိုင်ရာ ပညာရပ်တွေအလိုက် လုပ်ငန်းခွင် ဝင်ရောက်နိုင်တဲ့ Polytechnic ကျောင်းတွေ ဖွင့်လှစ်သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ကွန်ပျူတာနဲ့နည်းပညာကို ပေါင်းစပ်ထားတဲ့ Polytechnic University တွေကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာမှာ အောင်မြင် တဲ့ အကျိုးရလဒ်တွေကို တွေ့မြင်ခဲ့ရကာ မိမိတို့အနေနဲ့ ပညာရေးနဲ့ ပတ်သက်ရင် ရေရှည်အနာဂတ်အကျိုးကို ကြည့် ပြီး စီမံဆောင်ရွက်သွားဖို့ လိုအပ်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ဒါ့အပြင် မိမိတို့နိုင်ငံအနေနဲ့ စိုက်ပျိုး၊ မွေးမြူရေးနယ်ပယ်နဲ့ စက်မှုနယ်ပယ်တွေမှာ ကျွမ်းကျင်သူတွေ မွေးထုတ်ပေး နိုင်ဖို့ မဖြစ်မနေ လိုအပ်မှာဖြစ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ပညာတတ် လူသားအရင်းအမြစ်ကောင်းတွေ မွေးထုတ်ပေးရေးနဲ့ ပတ်သက်လို့လည်း လုပ်သင့်လုပ်ထိုက်တာတွေကို အလေးထား ဆောင်ရွက်သွားကြဖို့ မှာကြားလို တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။




