ရုရှားရဲ့ရေနံစွမ်းအင်နဲ့ဘဏ်လုပ်ငန်းကဏ္ဍတွေအပေါ်ကို ထပ်မံ ပိတ်ဆို့အရေးယူဖို့ သဘောတူဆုံးဖြတ် လိုက် တယ်လို့ ဥရောပသမဂ္ဂခေါင်းဆောင်တွေက အောက်တိုဘာ ၂၃ ရက်မှာ ပြောဆိုလိုက်တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။အခုပိတ်ဆို့မှုအရ ရုရှားရဲ့ Rosneft နဲ့ Lukoil ရေနံကုမ္ပဏီတွေအပေါ် အရေးယူမှာဖြစ်သလို ရုရှားရေနံတွေ တင်ပို့ပေးနေတဲ့ ရေယာဥ်အစင်း တစ်ရာကျော်ကိုပါ ပိတ်ဆို့မယ်လို့ ဆိုပါတယ်။

ပိတ်ဆို့အရေးယူမှုတွေကနေ ရှောင်ရှားဖို့ ရုရှားကို ကူညီပေးခဲ့တဲ့ အိန္ဒိယနဲ့တရုတ် ကုမ္ပဏီတွေအပါအဝင် အဖွဲ့ အစည်း ၄၅ ခုကိုလည်း ပိတ်ဆို့အရေးယူမှာဖြစ်သလို ရုရှားဘဏ်တွေနဲ့ အရောင်းအဝယ်ပြုလုပ်တဲ့အပေါ် အပြည့် အဝ ပိတ်ပင်တားမြစ်ပိတ်ပင်မယ်လို့လည်း ဥရောပသမဂ္ဂခေါင်းဆောင်တွေက ပြောပါတယ်။ ရုရှားငွေပေးချေရေးစနစ်မျိုးစုံကို တားမြစ်သလို ဘယ်လာရုစ်၊ ကာဇက်စတန်နိုင်ငံမှာရှိတဲ့ ဘဏ်တွေအထိ ရုရှားနဲ့ ငွေပေးချေရေးတွေကို ကန့်သတ်တားမြစ်ပိတ်ပင်သွားမယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၉ ရက်မှာ ဥရောပကော်မရှင်က တင်သွင်းခဲ့တဲ့ ရုရှားအပေါ် ၁၉ ကြိမ်မြောက် ပိတ်ဆို့အရေးယူရေး အဆိုပြုချက်ကို ဟန်ဂေရီနဲ့ ဆလိုဗက်ကီးယားရဲ့ ကန့်ကွက်မှုကြောင့် နှောင့်နှေးခဲ့ရပေမဲ့ နောက်ပိုင်းမှာ နှစ်နိုင်ငံ စလုံးက သဘောတူခဲ့လို့ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ်ကို အများသဘောတူ ဆုံးဖြတ်ချက် ချနိုင်ခဲ့တာလို့ လည်း ဥရောပသမဂ္ဂခေါင်းဆောင်တွေက ပြောပါတယ်။ရုရှားရဲ့ “ Rosneft” နဲ့ Lukoil ရေနံကုမ္ပဏီတွေ အပါအဝင် ဆက်စပ်လက်အောက်ခံ အဖွဲ့အစည်းတွေအပေါ် ပိတ်ဆို့အရေးယူကြောင်း အမေရိကန်အစိုးရက သတင်းထုတ်ပြန်အပြီး နောက်တစ်ရက်မှာ ဥရောပသမဂ္ဂကလည်း ပိတ်ဆို့အရေးယူမှုအသစ်တွေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။




