ထိုင်းနိုင်ငံမှာ ဇန်နဝါရီ ၁ ရက်ကနေ အောက်တိုဘာ ၈ ရက်အတွင်း တုပ်ကွေး ကူးစက်ခံရသူ ၆၀,၆၂၄ ယောက် ရှိပြီး အယောက် ၂၀ သေဆုံးခဲ့တယ်လို့ Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်။

နခွန်ရတ်ချစီမာ အပါအဝင် အရှေ့မြောက်ပိုင်းဒေသ ၄ ပြည်နယ်မှာ တုပ်ကွေးရောဂါ ပြင်းပြင်းထန်ထန် ကူးစက် နေပြီး နခွန်ရတ်ချစီမာ (ကိုးရတ်)ပြည်နယ်မှာ တုပ်ကွေးလူနာ ၂၉,၅၂၄ ယောက်နဲ့ သေဆုံးသူ ၁၈ ယောက်အထိ ရှိကာ အခြေအနေ အဆိုးဆုံးလို့ ရောဂါကာကွယ်ထိန်းချုပ်ရေးရုံးရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ တဝီချိုင်း ဝိဆနုယောထင်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ရောဂါကူးစက်မှု အများဆုံးအုပ်စုကတော့ အသက် ၅ နှစ်ကနေ ၉ နှစ်အရွယ် ကလေးငယ်တွေဖြစ်ပြီး သေဆုံးသူ အများစုကတော့ အသက် ၆၀ နှစ်အထက် လူကြီးတွေ ဖြစ်ပါတယ်။

ရာသီဥတု ပြောင်းလဲတဲ့ မိုးအကုန် ဆောင်း အကူး ကာလမှာ တုပ်ကွေးဟာ ပိုပြီး ကူးစက်လွယ်ပါတယ်။ ဒီရောဂါဟာ ချောင်းဆိုး၊ နှာချေတာ ဒါမှမဟုတ် ရောဂါရှိသူရဲ့ အရည်တွေနဲ့ ထိတွေ့တာကနေ အလွယ်တကူ ကူးစက်နိုင်ပါတယ်။ ရောဂါပြင်းထန်မှုကို ကာကွယ်ဖို့ အတွက် တစ်နှစ်တစ်ကြိမ် တုပ်ကွေးကာကွယ်ဆေးကို အနီးဆုံး ဆေးရုံ၊ ဆေးခန်းမှာ သွားရောက်ထိုးနှံဖို့ ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။




