ပြင်သစ်သမ္မတဟောင်း နစ်ကိုးလပ်စ် ဆာကိုဇီကို ကွယ်လွန်သွားပြီဖြစ်တဲ့ လစ်ဗျား ခေါင်းဆောင် ဗိုလ်မှူးကြီး မူအမ်မာ ဂဒါဖီ ဆီကနေ တရားမဝင် ရန်ပုံငွေ ယူရိုသန်းပေါင်းများစွာ ယူခဲ့တယ်ဆိုတဲ့ ရာဇဝတ်မှုနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ရတယ်လို့ Reuters သတင်းမှာ ပါရှိပါတယ်။မစ္စတာ ဆာကိုဇီကို အဂတိလိုက်စားမှုနဲ့ တခြားအမှုတွေ အားလုံးအတွက်ကိုတော့ ပါရီ ရာဇဝတ်တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

၂၀၀၇ ကနေ ၂၀၁၂ အထိ ပြင်သစ်သမ္မတ ဖြစ်ခဲ့တဲ့ အခု အသက် ၇၀ အရွယ် ဆာကိုဇီကတော့ အမှုကြားနာပြီးနောက် သတင်းထောက်တွေကို ပြောကြားရာမှာ ဒီစီရင်ချက်ဟာ “ ဥပဒေစိုးမိုး ရေးအတွက် အလွန်တရာမှ ပြင်းထန်လှတယ်” တယ်လို့ ဆိုပါတယ်။ဆာကိုဇီကို ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် ဂဒါဖီ ဆီကနေ ရန်ပုံငွေတွေ ရယူအသုံးပြုခဲ့ တယ်လို့ စွပ်စွဲခဲ့တာဖြစ်ပေမဲ့ ဆာကိုဇီကတော့ ဒီအမှုဟာ နိုင်ငံရေးအရ ရည်ရွယ်လုပ်ဆောင်တာလို့ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။ တရားရုံးအပြင်ဘက်မှာ ဆာကိုဇီက သူအနေနဲ့အပြစ်ကင်းစင်ကြောင်းနဲ့ စီရင်ချက်ကို အယူခံဝင်မယ်လို့ ပြောပါတယ်။

“ ဒီနေ့ဖြစ်ပျက်ခဲ့တာက… တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်တဲ့ကိစ္စနဲ့ တရားစီရင်ရေးစနစ်အပေါ်ထားတဲ့ ယုံကြည်မှုအတွက် အလွန်ပြင်းထန်တဲ့ ဖြစ်ရပ်ပါ…’’ “ ကျွန်တော့်ကို ထောင်ထဲမှာ အိပ်ခိုင်းချင်ရင် ကျွန်တော် ထောင်ထဲမှာ အိပ်ပါမယ်၊ ဒါပေမဲ့ ခေါင်းမော့ပြီး အိပ်မှာပါ” လို့ သူက ပြောပါတယ်။ ဆာကိုဇီဟာ အခုလို ငွေကြေးရယူပြီး အနောက်နိုင်ငံတွေနဲ့ ရန်သူလို ဖြစ်နေတဲ့ ဂဒါဖီဘက်ကနေ ကူညီဆောင် ရွက်ပေးမယ်လို့ ကတိပေးထားကြောင်း တရားလိုဘက်က စွပ်စွဲထားတာပါ။ ဒါပေမဲ့ ဆာကိုဇီဟာ တရားမဝင် မဲဆွယ်စည်းရုံးရေး ရန်ပုံငွေတွေကို ကိုယ်ကျိုးအတွက် သုံးစွဲတာမျိုး လုံလောက်တဲ့ သက်သေအထောက်အထား မရှိဘူးလို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ဆာကိုဇီကို ယူရို ၁၀၀၀၀၀ ဒဏ်ငွေပေးဆောင်ဖို့ အတွက်ကိုတော့ တရားရုံးက အမိန့်ချ မှတ်ခဲ့ပါတယ်။ ပြင်သစ် သမ္မတဟောင်းတစ်ယောက်အတွက် ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဆာကိုဇီဟာ လာမယ့်ရက်ပိုင်းအတွင်း ပါရီ အကျဉ်းထောင်ကို ပို့ဆောင်ခံရနိုင်ပါတယ်။




