ဖော်မြူလာဝမ်းပြိုင်ပွဲတွေကနေ အနားယူဖို့ ဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူ ဆုံးဖြတ်နိုင်မှာမဟုတ်ဘူးလို့ စပိန်ဒရိုင်ဗာ ဖာနန်ဒို အလွန်ဆိုက ပြောလိုက်ပါတယ်။

အသက် ၄၄ နှစ်အရွယ် အလွန်ဆိုနဲ့ အက်ရှ်တန်မာတင် အသင်းတို့ စာချုပ်က ၂၀၂၆ နှစ်ကုန်မှာ ပြည့်မှာဖြစ်ပြီး တကယ်လို့ စာချုပ်သစ်မချုပ်နိုင်ဘူးဆိုရင် အလွန်ဆို အနေနဲ့ ပွဲကြည့်ပရိသတ်အဖြစ်နဲ့သာ ဖြတ်သန်းရတော့မှာဖြစ်ပါတယ်။ အခုချိန်ထိ ပြိုင်ကားမောင်းရတာကို ရင်ခုန်စိတ်လှုပ်ရှားနေဆဲဖြစ်သလို ပြိုင်ကားတွေရဲ့ အဝေးမှာနေရမယ့် ဘဝက တော်တော်လေးကို ခက်ခဲမှာ သေချာပါတယ်လို့ အလွန်ဆိုက သူ့အနာဂတ်နဲ့ ပတ်သက်လို့ ပြောသွားပါတယ်။

၂၀၀၅ ခုနှစ်နဲ့ ၂၀၀၆ ခုနှစ် တွေမှာ ရေးနော့အသင်းနဲ့အတူ ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆုတွေကို ရယူထားခဲ့တဲ့ အလွန်ဆိုက ၂၀၂၆ မှာ စာချုပ်ပြည့်ခဲ့ပြီးနောက် အသင်းသစ်ရှာမရဘူးဆိုရင်လည်း အနားယူဖို့ကိစ္စကို စဉ်းစားသွားရမှာဖြစ်ပြီး ပြိုင်ပွဲမှာ ဆက်ရှိနေဖို့ အပြင်းအထန်အားထုတ်မှုမျိုးတော့ ပြုလုပ်မှာမဟုတ်ဘူးလို့ ပြောသွားပါတယ်။ အလွန်ဆိုဟာ ၂၀၁၈ နှစ်ကုန်ပိုင်းမှာ ဖော်မြူလာဝမ်းဒရိုင်ဗာ ဘဝကနေ အနားယူခဲ့ပြီး လီမန်းစ် ၂၄ နာရီပြိုင်ပွဲ တွေကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၁ မှာတော့ အယ်ပိုင်းအသင်းနဲ့အတူ ဖော်မြူလာဝမ်း ပြိုင်ပွဲတွေဆီကို ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။




